Pages

Tuesday, July 3, 2018

ကုန်စည်စီးဆင်းမှု နည်းပါးလာပါက တန်ဆာခဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်



ရန်ကုန် ၃-၇-၂ဝ၁၈

ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့်အတွက် ကုန်စည်စီးဆင်းမှု နည်းပါးလျက်ရှိရာ တန်ဆာခ နှုန်းထားများမှာ နွေရာသီကာလ နှုန်းထားများထက် ကျဆင်းလာပြီး ကုန်စည်စီးဆင်းမှု ယခုထက် ပိုမိုအေးလာပါက တန်ဆာခဈေးနှုန်း များ ပိုမိုကျဆင်းလာနိုင်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကိုကိုနိုင်ထံမှ သိရသည်။

လက်ရှိ မော်လမြိုင်-ဘားအံလမ်းကြောင်းတွင် နွေရာသီက ကုန်တင်ခ တစ်တန်လျှင်ငွေကျပ် နှစ်သောင်းရှိရာမှ ယခု ငွေကျပ် ၁၈ဝဝဝ အထိ ဈေးနှုန်း ကျဆင်းလာသည်။

ထို့ပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ၁၈ ဘီး၊ ၂၂ ဘီးယာဉ်များကို တစ်တန်လျှော့တင်ရန် သတ်မှတ်ထားသည့် အပြင်မေ ၁၅ ရက်မှစ၍ ၂၂ ဘီးယာဉ်တစ်စီးလျှင် ၅ဝ ဒသမ ၅ တန်အစား နှစ်တန်ခွဲလျှော့ကာ ၄၈ တန် အထိ လည်းကောင်း၊ ၁၈ ဘီးယာဉ်တစ်စီးလျှင် ၄၆ တန်မှ လေးတန်လျှော့ကာ ၄၂ တန်အထိ လည်းကောင်း လျှော့တင်ရသဖြင့် အခက်အခဲများ ကြုံနေရကြောင်း သိရသည်။

''တန်ဆာခကလည်း ကျလာမယ်။ တန်ကလည်း လျှော့တင်ရမယ်ဆိုရင် ဒီဝါတွင်းမှာ ကားတွေရဲ့ အခြေအနေ သိပ်မကောင်းတော့ဘူး။ တချို့ကားတွေဆိုရင် ရပ်ရမယ့် အခြေအနေတွေ တောင်ဖြစ်လာနိုင်တယ်'' ဟု ဦးကိုကိုနိုင် ကပြောသည်။

နှစ်စဉ် မိုးတွင်းကာလ ဖြစ်သည့်ဝါတွင်း ကာလသည် ကုန်စည်စီးဆင်းမှုအေးလေ့ရှိ သော်လည်း ယခုနှစ်တွင် မိုးဦးကာလဖြစ်သည့် ဇွန်လမှစ၍ နယ်မှကုန်မှာယူမှုများ အေးနေကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ နှေးကွေးလာသည့်အတွက် သယ်ယူပို့ဆောင်ရေး တွင်လည်း နှေးကွေးလာခြင်း ဖြစ်ကာ ယခုနှစ် မိုးရာသီသည် ယမန်နှစ်ကထက် ကုန်စည်ပို့ဆောင်ရေး ပိုမိုနှေးကွေး နေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဘုရင့်နောင် အဝေးပြေး ကုန်စည် ပို့ဆောင်ရေးသည် ရန်ကုန်မှ ပဲခူး၊ ပြည်၊ တောင်ငူ၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ မူဆယ်နှင့် စစ်တွေ စသည့်ဒေသတို့သို့ တိုက်ရိုက်ပို့ဆောင် ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment