Pages

Tuesday, June 26, 2018

ပြိုင်ဘက် ကန်ဟက်ဆီဂါဝါကို သုံးချီအတွင်း အလဲထိုးအနိုင်ယူသွားမည်ဟု အောင်လအန်ဆန် ပြောကြား


အောင်လအန်ဆန်နှင့် ကန်ဟက်ဆီဂါဝါတို့ကို တွေ့ရစဉ်။

ရန်ကုန် ၂၆-၆-၂ဝ၁၈

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင် ပြိုင်ဘက်ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါကို သုံးချီအတွင်း အလဲထိုးအနိုင်ယူ သွားမည်ဟု လက်ရှိချန်ပီယံ အောင်လအန်ဆန်က ၂ဝ၁၇ခုနှစ် မြန်မာ့အကောင်းဆုံးအားကစားသမားဆု ပေးအပ်ပွဲတွင် မီဒီယာများကို ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို ရန်ကုန်မြို့ အမျိုးသားအားကစားရုံ (၁) သုဝဏ္ဏတွင် ဇွန် ၂၉ရက်၌ ကျင်းပမည် ဖြစ်သော်လည်း အောင်လအန်ဆန် အနေဖြင့် ၂ဝ၁၇ခုနှစ် မြန်မာ့အကောင်းဆုံး အားကစားကစားသမားဆု ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် မြန်မာနိုင်ငံသို့ ဇွန် ၂၃ရက် ကတည်းက ဆောလျင်စွာ ရောက်ရှိနေခြင်း ဖြစ်သည်။

"ဒီပွဲအတွက် တစ်ရက်ကို နှစ်ကြိမ်ပြင်းပြင်းထန်ထန် လေ့ကျင့်ထားပါတယ်။ ပြိုင်ဘက်အကြောင်းကိုလဲ လေ့လာထားပါတယ်။ ကန်ဟက်ဆီဂါဝါက ဂျပန်နိုင်ငံမှာ နံပါတ်တစ် ကစားသမားပါ။ သူက ဂျူဒိုကောင်းပါတယ်။ နပန်းနဲ့ ချုပ်အားကောင်းမွန်တဲ့ ကစားသမား တစ်ယောက်ပါ။ ခံနိုင်ရည်လဲရှိပါတယ်။ အရင်ကပွဲလို ပထမအချီအတွင်းမှာ အနိုင်ရဖို့တော့ မဖြစ်နိုင်ဘူး။ တတိယ အချီမှာတော့ ကျွန်တော် အလဲထိုး အနိုင်ယူပါမယ်။ ဘယ်လိုနည်းနဲ့ အနိုင်ယူမလဲ ကြိုမပြောချင်ပေမယ့် သူ့ကိုနိုင်ဖို့ Game Plan ဆွဲထားပါတယ်။ နိုင်မယ်လို့လဲ ယုံကြည်မှုအပြည့် ရှိပါတယ်" ဟု ဇွန် ၂၃ရက်က မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ်က ပြုလုပ်သည့် ၂ဝ၁၇ ခုနှစ် မြန်မာ့အကောင်းဆုံး အားကစားသမား ဆုပေးပွဲ အခမ်းအနားတွင် အောင်လအန်ဆန်က ပြောပြသည်။

မြန်မာစပါးအုံးဟု ကျော်ကြားသည့် အောင်လအန်ဆန်သည် ၂ဝ၁၇ခုနှစ် ဇွန် ၃ဝ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ရုရှားနိုင်ငံသား ဘစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၃ နှစ်ရှိ အောင်လအန်ဆန်သည် ၎င်း၏ကစားသမားဘဝ MMA ပြိုင်ပွဲတစ်လျှောက် ၃၂ ပွဲယှဉ်ပြိုင်ကစားခဲ့ရာ ၂၂ ပွဲအနိုင်ရရှိခဲ့ပြီး ၁ဝပွဲရှုံးနိမ့် ထားသည်။

ကန်ဟက်ဆီဂါဝါသည် ၂ဝ၁ဝပြည့်နှစ်မှ စတင်၍ ဂျပန်နိုင်ငံ၏ MMA ပြိုင်ပွဲများဖြစ်သည့် Deep နှင့် Riziny ပွဲများတွင် ထိုးသတ်ခဲ့ပြီး Deep MMAအလွတ်တန်း ချန်ပီယံတစ်ဦး ဖြစ်ပြီး MMA ပြိုင်ပွဲ ၁၉ပွဲ ထိုးသတ်ခဲ့ကာ ၁၆ပွဲနိုင်၊ တစ်ပွဲသရေနှင့် နှစ်ပွဲရှုံးထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment