Pages

Thursday, June 28, 2018

ကျွဲများတင်ဆောင် လာသောယာဉ် လမ်းဘေးထိုးကျ တိမ်းမှောက်



ညောင်လေးပင် ၂၈-၆-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၁ဝ၅/၄) အနီး၌ ယနေ့ နံနက် ၅ နာရီ မိနစ် ၃ဝ က ကျွဲများတင်ဆောင်လာသော ၁၂ဘီးယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်၍ လူတစ်ဦးနှင့် ကျွဲများသေဆုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ဥက္ကံမြို့နေသူများ ဖြစ်သည့် မျိုးမြင့်အောင် (ဘ) ဦးသန်းမြင့်မောင်းနှင်၍ ယာဉ်နောက်လိုက် နန်းဦး(ဘ) (စုံစမ်းဆဲ) လိုက်ပါလာကာ ကျွဲထိန်း အီစွတ်(ဘ) ဦးဘိုသူ၊ဖိုးလပြည့် (ဘ)ဦးအေးလွင်တို့ လိုက်ပါလာသော ပျို့လုံမေကုမ္ပဏီ၏ ကျွဲထီးအကောင် ၂ဝ တရားဝင် တင်ဆောင်လာသည့် 7K/----Hino အစိမ်းနုရောင် ၁၂ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ဘေးသို့ထိုးကျ တိမ်းမှောက်ခဲ့သည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ကျွဲထိန်း အီစွတ်နှင့် ကျွဲသုံးကောင် သေဆုံးခဲ့ပြီး ဖိုးလပြည့်တွင် ယာဘက်လက်မောင်းရိုးကျိုး ဒဏ်ရာရရှိခဲ့သဖြင့် ပိန်းဇလုပ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ အချင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မျိုးမြင့်အောင်ကို ပိန်းဇလုပ် နယ်မြေရဲစခန်းက ယာဉ်(ပ)၁၄/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၃၈/၃ဝ၄-က ဖြင့် အမှုဖွင့်ထားရှိပြီး အမြန်ဆုံးဖမ်းဆီး ရမိနိုင်ရေး စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment