Pages

Friday, June 1, 2018

စစ်ကိုင်းမြို့ ရှင်ပင်နံကိုင်းတောင်တွင် နံရံဆေးရေး ပန်းချီများရှိသော ရှေးဟောင်းစေတီတော်ကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်



စစ်ကိုင်း ၁-၆-၂ဝ၁၈

စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက် ရှင်ပင်နံကိုင်းတောင်တွင် နံရံဆေးရေး ပန်းချီများရှိသော ရှေးဟောင်းစေတီတော် တစ်ဆူကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း အဆိုပါစေတီအနီးရှိ ရွှေတိဂုံစေတီတွင် သီတင်းသုံးနေသည့် ဆရာတော်တစ်ပါးက မြွက်ကြား၍ သိရသည်။

အဆိုပါ ရှေးဟောင်း စေတီတော်သည် ပြာပုံတောင်၊ ရွှေတိဂုံစေတီအနီး ရှင်ပင်နံကိုင်းတောင် ထိပ်တွင်တည်ရှိပြီး ထိုရှေးဟောင်း စေတီတော်အတွင်း အင်းဝခေတ်ကဟု ယူဆရသည့် နံရံဆေးရေးပန်းချီ များစွာရှိရာ ပြုပြင်ထိန်းသိမ်းမှု အားနည်းနေသောကြောင့် နံရံဆေးရေး ပန်းချီများ ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ လက်ရှိတွင် စေတီတော်မှာချုံနွယ် များဖုံးလွှမ်းနေပြီး ရာသီဥတု ဒဏ်များကြောင့် ပြိုကျပျက်စီးနိုင်သဖြင့် အချိန်မီပြန်လည် ပြုပြင်ရန် လိုအပ်ကြောင်း သိရသည်။

"ဒီစေတီတော်ကို ဘယ်ခုနှစ်က ဘယ်သူတည် ခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထားတော့ တိတိကျကျမသိရပါဘူး။ ရှေးဟောင်းစေတီတော် တစ်ဆူလို့ပဲသိရတာ။ ဒါပေမဲ့ အဲဒီစေတီတော် အတွင်းက နံရံဆေးရေး ပန်းချီတွေက တော့အင်းဝခေတ်ကလို့ ခန့်မှန်းမိတယ်၊ ဒီစေတီကိုဇမ္ဗူ မင်္ဂလဆရာတော်ကြီးက ပြန်လည်ပြုပြင်ဖို့ နှစ်ကြိမ်တိတိ သက်ဆိုင်ရာ ရှေးဟောင်းဌာနကို စာတင်ခဲ့တယ်၊ ခွင့်မပြုခဲ့ပါဘူး။ ခုစေတီတော်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။ စေတီပေါ်မှာ အပင်တွေပေါက်နေလို့ အင်္ဂတေတွေကွာကျပြီး နံရံဆေးရေး ပန်းချီတွေ ပျက်စီးကုန်ပါတယ်။ ဒီအတိုင်းထားသွားမယ်ဆို ရေရှည်ကျ ရာသီဥတုဒဏ်ကြောင့် ပိုပြီးပျက်စီးသွားနိုင်ပါတယ်"ဟု အဆိုပါစေတီအနီးရှိ ရွှေတိဂုံစေတီတွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးက မြွက်ကြားသည်။

ထိုရှေးဟောင်း စေတီတော်သည် ရှင်ပင်နံကိုင်း တောင်ထိပ်တွင် တည်ရှိသောကြောင့် စေတီတော်သို့ လာရောက်သူ နည်းပါးကြောင်း၊ စေတီတော်အတွင်း အင်းဝခေတ်က ဟုယူဆရသည့် နံရံဆေးပန်းချီများ ဖြစ်သည့် ငါးရာ့ငါးဆယ် ဇာတ်နိပါတ် နံရံဆေးရေးပန်းချီများ၊ ဗုဒ္ဓရုပ်ပွားတော်၊ နဂါးရုပ်၊ ခြင်္သေ့ရုပ်၊ဒေါင်းရုပ် အစရှိသည့် နံရံဆေးရေး ပန်းချီလက်ရာများ ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment