Pages

Tuesday, June 26, 2018

ချေးငွေထုတ်ချေး လိုသည့် ဆီစက်ပိုင်ရှင်များကို ထောက်ခံချက်သာ ထုတ်ပေးတော့မည်



မန္တလေး ၂၆-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆီစက်များ အဆင့်မြှင့်တင်ရန် အတွက် ချေးငွေရယူလိုသည့် ဆီစက်ပိုင်ရှင်များကို ထောက်ခံချက်သာ ထုတ်ပေးတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းမှ သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းသို့ Project Loan ချေးငွေ ၂၅ ဘီလီယံထုတ်ချေးရန် ခွင့်ပြုထားပြီး အဆိုပါချေးငွေမှ ပြည်တွင်း ဆီစက်များ အဆင့်မြှင့်တင်ရန်အတွက် ခုနစ်ဘီလီယံ ချေးပေးရန် လျာထားသတ်မှတ် ထားသည့်အတွက် ချေးငွေရယူလိုသည့် ဆီစက်များကို မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းမှစုစည်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ SMEs ချေးငွေ လျှောက်ထားပေးရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။

သို့သော် ချေးငွေရယူလိုသည့် ဆီစက်များကို အသင်းမှချေးငွေ မလျှောက်ထားပေးတော့ဘဲ မိမိအစီအစဉ်ဖြင့်သာ လျှောက်ထားရမည်ဖြစ်ပြီး ချေးငွေလျှောက်လိုသည့် လုပ်ငန်းရှင်ကို အသင်းဝင်ဖြစ်ကြောင်း ထောက်ခံချက်သာထုတ်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

"ဝန်ကြီး အပြောင်းအလဲ ဖြစ်သွားတယ်။ ပြီးတော့ ချေးငွေလျှောက်လိုတဲ့ လုပ်ငန်းရှင်တွေကို SME Member ကတ်တွေလဲ ထုတ်ပေးပြီးပြီ ဖြစ်တဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ ကိုယ်ချေးကြဖို့ပဲ ကြေညာချက် ထုတ်လိုက်တယ်။ထုတ်ချေးမယ့် ပမာဏကများပြီး အသင်းသား တွေအာမ ခံပေးချင်တာက နည်းနေတာတွေလဲရှိတော့ ခုလိုအသင်းက တာဝန်ယူ မချေးပေးတော့ဘဲ အစီအစဉ်ပြောင်းလိုက်တာပါ။ အသင်းသားဖြစ်ကြောင်း ထောက်ခံချက်လောက်ပဲ ထုတ်ပေးတော့မယ်" ဟု အဆိုပါအသင်း ဗဟိုအလုပ် အမှုဆောင် (မန္တလေးခရိုင် ဆီစက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ) ဦးဆန်းထွန်းလွင်က ပြောပြသည်။

ဆီစက်များ အဆင့်မြှင့်တင်ရန် အတွက် လျာထားသည့် ခုနစ်ဘီလီယံထဲမှ ချေးငွေရယူလိုသည့် ဆီစက်များကို လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ်သိန်းသုံးထောင်ထိ ချေးပေးရန်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှ ချေးငွေလျှောက်ထား သည့်ဆီစက် ငါးလုံးခန့်သာရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆီစက်ပေါင်း အလုံးသုံးထောင်ခန့်ရှိပြီး လက်ရှိ လည်ပတ်နေသည့် ဆီစက်များမှာ အလုံးသုံးရာခန့်သာ ရှိကြောင်း အဆိုပါအသင်းမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment