Pages

Tuesday, June 26, 2018

ယာဉ်တစ်စီး ချောင်းအတွင်းထိုးကျ ယာဉ်မောင်းသေဆုံး



မူဆယ် ၂၆-၆-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် လားရှိုး-မူဆယ်သွား ပြည်ထောင်စု လမ်းမကြီးတွင် ၁၂ ဘီးယာဉ်တစ်စီး ချောင်းကူးတံတားကို ဖြတ်စဉ် အရှိန်မထိန်းနိုင်ဘဲ ချောင်းအတွင်း ထိုးကျခဲ့ရာ ယာဉ်မောင်း သေဆုံးခဲ့ကြောင်း သိရသည်။

အမှတ် (၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်)မှ ဒုတိယရဲအုပ် သီဟအောင်ဦးစီးသော တပ်ဖွဲ့ဝင်များသည် ဇွန် ၂၄ရက် ည ၉နာရီ မိနစ် ၃ဝ က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ မူဆယ်မြို့နယ် လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး နမ့်ပေါ်တံတားတွင် အိုက်လျှံ (ဘ)ဦးလှရွှေ နမ့်အွန်ကျေးရွာ မူဆယ်မြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် စိုင်းမြင့်စိုး (ဘ) ဦးအိုက်အောင်(တစ်ရွာတည်းနေသူ) လိုက်ပါ စီးနင်းလာသည့် 9C/---- Foton ၁၂ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားဝဲဘက်ခြမ်း လက်ရန်းကို ဝင်ရောက်တိုက်မိပြီး ပေ ၅ဝခန့် အနက်ရှိသော နမ့်ပေါ်ချောင်း အတွင်းသို့ ထိုးကျခဲ့သည်။

ထိုသို့ ထိုးကျမှုကြောင့် ယာဉ်မောင်း အိုက်လျှံတွင် ယာနား သွေးထွက်ဒဏ်ရာ၊ နှာခေါင်း၊ ပါးစပ်မှ အမြှုပ်ထွက်၊ ယာနံဘေး ညိုမည်းဒဏ်ရာ များရရှိကာ အချင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် စိုင်းမြင့်စိုးတွင်ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ယာနံရိုးဘေး ညိုမည်းဖူးရောင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း အိုက်လျှံကို မူဆယ်မြို့မရဲစခန်းက ယာဉ်(ပ)၂၅/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၄- က/၂၇၉/၃၃၈ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment