Pages

Thursday, June 28, 2018

ဆန်စပါးတိုင်းတာရေးပစ္စည်းများ စံချိန်စံညွှန်းသတ်မှတ်၍ သက်သေခံလက်မှတ် ထုတ်ပေးရန်စီစဉ်



ရန်ကုန် ၂၈-၆-၂ဝ၁၈

ပြည်တွင်း၌ ဆန်စပါး ရောင်းဝယ်ရာတွင် အသုံးပြုနေသည့် ဆန်စပါးတိုင်းတာရေး ပစ္စည်းများအတွက် စံချိန်စံညွှန်း သတ်မှတ်ကာ သက်သေခံလက်မှတ်များ ထုတ်ပေးနိုင်ရန် စီစဉ်နေကြောင်း ဆန်စပါးပညာရှင် ဒေါက်တာ မျိုးအောင်ကျော်ထံမှ သိရသည်။

အဆိုပါ လုပ်ဆောင်မှုကို ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ အမျိုးသားတိကျစွာ တိုင်းတာခြင်း နည်းပညာသိပ္ပံ (National Institute Of Metrology Myanmar-NIMM) ၌ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် လုပ်ဆောင်လျက်ရှိပြီး ယခုအခါ ဝန်ထမ်းများအတွက် လိုအပ်သည့် သင်တန်းများပေး လျက်ရှိကြောင်း သိရသည်။

''ဒီလိုလုပ်ဆောင်ဖို့ ထိုင်းနိုင်ငံကို သွားလေ့လာခဲ့ပါတယ်။ ဟိုမှာက ဒီလိုသုတေသန ဌာနက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိပါတယ်။ ဒီမှာက အရင်တုန်းကတော့ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာန လက်အောက်၊ အခု ပညာရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ လိုက်လျော ညီထွေဖြစ်ဖို့ ဆရာတို့ဘက်ကနေ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှာရှိတဲ့ စားသုံး သူရေးရာ ဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး အဲဒီက ဝန်ထမ်းတွေကို ဆန်စပါးလုပ်ငန်းတစ်ခု လုံးမှာလုပ်ကိုင်နေတဲ့ အခြင်အတွယ် ပစ္စည်းတွေ၊ စက်ကိရိယာတွေနဲ့ ပတ်သက်ပြီး အကျွမ်းတဝင်ဖြစ်အောင် လေ့ကျင့်ပေး နေတာတွေ ရှိပါတယ်။ တကယ်တော့ ဒီကဏ္ဍတစ်ခုလုံးကို လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ကြိုးပမ်းလုပ်ကိုင် နေကြတာ ဖြစ်ပါတယ်'' ဟု ဒေါက်တာမျိုးအောင်ကျော် ကပြောသည်။

ဆန်စပါး ရောင်းဝယ်ရေးတွင် အခြင်အတွယ်ကွာဟခြင်း များဖြစ်ပါက ရောင်းသူနှင့် ဝယ်သူကြား ယုံကြည်မှု ပျက်ပြား စေသကဲ့သို့ မလိုလားအပ်သော နစ်နာဆုံးရှုံးမှု များလည်း ရှိနိုင်သည်။ ယခုနောက်ပိုင်း ဒစ်ဂျစ်တယ်ခေတ်တွင် အခြင်အတွယ်များ ထုတ်လုပ်ရာ ကုမ္ပဏီအလိုက် စံသတ်မှတ်ချက်များကို ပြောဆိုအာမခံ နေကြသော်လည်း နိုင်ငံအဆင့် အသိအမှတ်ပြု စံသတ်မှတ်ချက် အခြေအနေ မျိုးဖြစ်လာစေရန် ယခုအခါ အမျိုးသားတိကျစွာ တိုင်းတာခြင်း နည်းပညာသိပ္ပံ၌ သင်တန်းပေးနေခြင်း ဖြစ်သည်။

''ရောင်းရင်တော့ ဘယ်လို၊ ဝယ်ရင်ဘယ်လို ဆိုတာမျိုးက တကယ်ကို စနစ်ကျပြီလို့ မဆိုနိုင်ပါဘူး။ အရင်တုန်းက အလေးတုံးကြီး တွေဆိုရင် သမာဓိအလေးနဲ့ မှန်၊ မမှန်စစ်ဆေး လို့ရပေမယ့် အခု ဒစ်ဂျစ်တယ် ကတ္တားတွေ၊တိုင်းတာရေး ပစ္စည်းတွေအနေနဲ့ စံသတ်မှတ်ချက်ဆိုတာ သိပ်အရေးကြီးပါတယ်''ဟု ဒေါက်တာမျိုးအောင်ကျော် ကပြောသည်။

#Themyawadydaily

No comments:

Post a Comment