Pages

Thursday, May 31, 2018

YBS ယာဉ်လိုင်းများအနက် တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းမှ ယာဉ်များ စည်းကမ်းချိုးဖောက်မှု အများဆုံးဖြစ်နေ



ရန်ကုန် ၃၁-၅-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများ အနက်တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းမှ ယာဉ်များ စည်းကမ်းချိုးဖောက်မှု အများဆုံးဖြစ် နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ထံမှ သိရသည်။

အဆိုပါ ယာဉ်လိုင်းများသည် အများပြည်သူများ၏ တိုင်ကြားမှုခံရခြင်းနှင့် ဝန်ဆောင်မှု လိုအပ်ချက်များ အပါအဝင် စည်းကမ်းချိုးဖောက်မှု မှတ်တမ်းများအရ တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းမှ ယာဉ်များတွင် စည်းကမ်းဖောက်ဖျက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် စည်းကမ်းချိုးဖောက်မှု များနှင့်ပတ်သက်၍ ယာဉ်မောင်းများကို သာမက ယာဉ်လိုင်းပိုင်ရှင်များ ကိုလည်း အရေးယူလျက်ရှိသည်။ ထို့ပြင် ယာဉ်လိုင်းများအနေဖြင့် စည်းကမ်းချိုးဖောက်မှုရှိ၊ မရှိကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ စည်းကမ်း ထိန်းသိမ်းရေးယာဉ် ၁၃ စီးဖြင့် စောင့်ကြည့် အရေးယူ လျက်ရှိကြောင်း သိရသည်။

''စည်းကမ်းချိုးဖောက်မှု မှတ်တမ်း အရကြည့်ရင် တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်း ကယာဉ်တွေ အများဆုံးချိုးဖောက် တာတွေ့ရတယ်။ တစ်ဦးပိုင်ယာဉ်တွေ ကိုလည်း အများပိုင်ဖွဲ့စည်းဖို့ တွန်းအားပေးနေပါတယ်။ စောင့်ကြည့် စစ်ဆေးခြင်းတွေကို ယာဉ် ၁၃ စီးနဲ့ လုပ်ဆောင်နေပါတယ်။ မကြာမီ အရေးယူတော့မှာပါ။ အများပိုင်မလုပ်တဲ့ ယာဉ်လိုင်းတွေကိုလည်း နောက်ပိုင်းမှာ ထုတ်ပယ်တဲ့ အထိလုပ်မယ်။ ဒါကြောင့် စနစ်တကျနဲ့ အများပိုင်ဖွဲ့ဖို့ ညွှန်ကြားထားပါတယ်'' ဟု ဒေါက်တာမောင်အောင် ကပြောသည်။

YBS ယာဉ်လိုင်းများရှိ ယာဉ်မောင်းများ စည်းကမ်းချိုးဖောက်ပါက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်းအရေးယူလျက်ရှိပြီး ပြေးဆွဲမှုစတင်ပြီး နောက်ပိုင်း ခြောက်လခန့်မှစ၍ စည်းကမ်းချိုး ဖောက်မှုများကို အရေးယူခဲ့သည်။

တိုင်ကြားမှုအရ ပြစ်ဒဏ်ပေါ် မူတည်၍ ထိရောက်စွာ အရေးယူလျက်ရှိပြီး ပထမအကြိမ်တိုင်ကြား ခြင်းခံရပါက ဒဏ်ကြေးပေးဆောင် ရမည်ဖြစ်သော်လည်း ဒုတိယ အကြိမ်တိုင်ကြားခံရပါက သတိပေးလက်မှတ် ထိုးခိုင်းကာ နောက်ဆုံးအကြိမ်တွင် ယာဉ်လိုင်းမှထုတ်ပယ် သည်အထိ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲပေးနေသော ယာဉ်လိုင်းများတွင် စည်းကမ်း ချိုးဖောက်မှု အများဆုံးမှာ ခရီးသည်များအား မချေမငံဆက်ဆံခြင်း၊ ဝန်ဆောင်မှုကောင်းစွာ မပေးခြင်းနှင့် ယာဉ်စီးခပိုမို ကောက်ခံခြင်းတို့ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment