Pages

Thursday, May 31, 2018

ကုန်းတွင်းမုန်တိုင်း ငယ်ကြောင့် မန္တလေးဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်း ပြေးဆွဲနေသည့် သင်္ဘောအားလုံးနီးပါး ယာယီရပ်နားထား



မန္တလေး ၃၁-၅-၂ဝ၁၈

ကုန်းတွင်းမုန်တိုင်း အဖြစ်ရှိနေသည့် မုန်တိုင်းငယ်ကြောင့် မန္တလေးဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်း ပြေးဆွဲနေသည့် သင်္ဘောအားလုံး နီးပါး ယာယီရပ်နား ထားကြောင်း မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောပြသည်။

ယခုလက်ရှိတိုက်ခတ် နေသည့် မုန်တိုင်းသည် အားလျော့ကျလာကာ ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော်လာပြီး ကုန်းတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း၊ ထိုသို့ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာမှု ကြောင့် ကုန်းတွင်းပိုင်းတွင် မုန်တိုင်းငယ်အဖြစ် ဆက်လက် ရှိနေသေးကြောင်း၊ ၎င်းမုန်တိုင်း အကြွင်းအကျန် ကြောင့်ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် မိုးသက်လေပြင်း ကျရောက်မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်၏ လူမှုကွန်ရက်မှ တစ်ဆင့်သိရသည်။

"မုန်တိုင်းအရှိန်ကြောင့် ဧရာဝတီမြစ် အတွင်းသွားလာနေတဲ့ သင်္ဘောတွေ အန္တရာယ်မဖြစ်စေဖို့ မြစ်အတွင်း ဖြတ်သန်းသွာလာမှု မရှိသလောက်ပါ။ ကုန်စည်တင်ပို့တဲ့ သင်္ဘောတွေ အနေနဲ့ကလဲ ကုန်စည်တင်ပို့မှု လမ်းကြောင်း ခေတ္တခဏတော့ ရပ်နားထားရတာပေါ့။ မိုးလေဝသ အခြေအနေကလဲ နောက်နှစ်ရက်၊ သုံးရက်လောက်ထိ မိုးရောလေရော လာနိုင်သေးတယ်ဆိုတော့ အခြေအနေ စောင့်ကြည့်ရမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မုန်တိုင်းငယ်ကြောင့် လေပြင်းမုန်တိုင်းများ ကျရောက်မည် ဖြစ်သည့်အတွက် ဧရာဝတီမြစ်အတွင်း သွားလာနေသည့် ခရီးသည်တင် သင်္ဘောများအပြင် ကုန်တင်သင်္ဘောများပါ အားလုံးနီးပါး ယာယီရပ်နားထား ကြကြောင်း၊ မြစ်အတွင်း သွားလာနေသည့် သင်္ဘောအစီးရေ ၂ဝခန့်ကို ယနေ့မှစ၍ ယာယီရပ်နား ထားကြောင်း သိရသည်။

အလားတူ ယခုလက်ရှိ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ဧရာဝတီဌာနခွဲ) ကလည်း ခရီးသည်တင် သင်္ဘောများအဖြစ် မန္တလေး-ညောင်ဦးလမ်းပိုင်ကို နှစ်စီး၊မန္တလေး-ဗန်းမော် လမ်းကြောင်းတွင် ၁ဝ စီးပြေးဆွဲ ပေးလျက်ရှိပြီး ပုဂ္ဂလိကလုပ်ငန်း ရှင်များသို့ပါ ငှားရမ်းပေးထားသည့် သင်္ဘောများအပါအဝင် စုစုပေါင်း ၂၉ စီးရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment