Pages

Monday, May 7, 2018

မန္တလေးမြို့ကို Green City အဖြစ်ဖော်ဆောင်ရန် မိုးကာလတွင် အရိပ်ရပင်နှင့် အလှပန်းပင် လေးသိန်းကျော် စိုက်ပျိုးသွားမည်



မန္တလေး ၇-၅-၂ဝ၁၈

မန္တလေးမြို့ကို Green City အဖြစ်ဖော်ဆောင်ရန် မိုးကာလတွင် အရိပ်ရပင်နှင့် အလှပန်းပင် လေးသိန်းကျော် စိုက်ပျိုးသွားမည် ဖြစ်ရာယခင် စိုက်ပျိုးထားသော သစ်ပင်ကြီးများကို ခုတ်လှဲ၊ ဖျက်ဆီးမှုများ ရှိပါက အနိမ့်ဆုံး ဒဏ်ကြေးငွေ ၅ဝဝဝဝ ဒဏ်ရိုက် အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးစောဟန်က ပြောပြသည်။

မန္တလေးမြို့တွင် ယခုလက်ရှိ Smart City၊ Clean City အပါအဝင် Green city အဖြစ်တစ်ပြိုင်နက် ဖော်ဆောင်လျက်ရှိရာ ထိုသို့ဖော်ဆောင်ရာတွင် သစ်ပင်၊ ပန်းပင်များမှာ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ထဲတွင်ပါဝင်နေခြင်းကြောင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် မိုးကာလတွင် မန္တလေးမြို့ရှိ မြို့နယ်ခြောက်မြို့နယ်၌ အရိပ်ရပင်နှင့် အလှပန်းပင် စုစုပေါင်း လေးသိန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၌ မိုးကာလတွင် အလှပန်းပင်နှင့် အရိပ်ရပင်များ စိုက်ပျိုးရာတွင် ၎င်းမြို့၏ အဓိကကျသည့် မိန်းလမ်းမကြီးများရှိ လမ်းလယ်ကျွန်းများ၊ လမ်းဘေးဝဲ၊ ယာများအပါအဝင် ပန်းခြံများအတွင်း၌ပါ ပန်းပင်များ စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အခု မန္တလေးမြို့မှာ ရှိတဲ့နှစ်ပေါင်း ရာချီရှိနေတဲ့ သစ်ပင်တွေကို မခုတ်ဖို့အတွက် အသိပညာပေးတာတွေ၊ ကွင်းဆင်စစ်ဆေးတာတွေ လုပ်နေတယ်။ လျှပ်စစ်ဓာတ်ကြိုးနဲ့ မလွတ်တဲ့အပင်တွေကို ခုတ်မယ်ဆိုလဲ မန္တလေးမြို့တော် စည်ပင်ကို အကြောင်းကြားဖို့ လိုပါတယ်။ အသိမပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် ခုတ်လှဲတာတွေလုပ်ရင် အရေးယူသွားမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခင် ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် မိုးကာလအတွင်း ကလည်း မန္တလေးမြို့ မြို့နယ်ခြောက်မြို့နယ်တွင် အရိပ်ရပင်နှင့် အလှပန်းပင် စုစုပေါင်းသုံးသိန်း ကျော်စိုက်ပျိုး ပေးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း သစ်ပင်၊ ပန်းပင်စုစုပေါင်း လေးသိန်းကျော် စိုက်ပျိုးပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment