Pages

Friday, May 4, 2018

ပဲခူးမြို့တွင် တည်ဆောက်နေသည့် အမှိုက်ခွဲခြား သန့်စင်စက်ရုံ ဇွန်လပထမပတ်တွင် စတင်လည်ပတ်သွားမည်



ပဲခူး ၄-၅-၂ဝ၁၈

ပဲခူးမြို့တွင် ပထမဆုံးဖြစ်သည့် အမှိုက်ခွဲခြား သန့်စင်စက်ရုံကို တိုင်းဒေသကြီး အစိုးရရန်ပုံငွေ ကျပ်သိန်း ၂ဝဝ ကျော် အကုန်အကျခံ တည်ဆောက်နေပြီး ဇွန်လပထမပတ်တွင် စတင်လည်ပတ်သွားမည် ဖြစ်ကြောင်း ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အမှိုက်ခွဲခြားသန့်စင် စက်ရုံကို ပဲခူးမြို့ နန်းတော်ရာ ရပ်ကွက်၌ ဖေဖော်ဝါရီလမှ စတင်တည်ဆောက်နေရာ မေလပထမပတ်ထိ ၈ဝ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးသွားပြီး စက်ပစ္စည်းများ ရောက်ရှိ တပ်ဆင်ပြီးပါက ဇွန်လ ပထမပတ်တွင် လုပ်ငန်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"စက်ရုံတည်ဆောက်မယ့် နေရာ၊ရုံးခန်း၊ ရေစင်၊ ရေတွင်း၊ ထရန်စဖော်မာတွေကို ဆောင်ရွက်နေပါတယ်။ စက်ထိုင်မယ့် နေရာလောက်ပဲ လုပ်ဖို့ကျန်ပါတော့တယ်။ ပြည်ပက မှာယူထားတဲ့ တစ်ရက်တန် ၂ဝ ကျစက်ကို စမ်းသပ် ဆောင်ရွက်မှာပါ။ အမှိုက်ချေဖျက် စက်မဟုတ်ပါဘူး။ ခွဲခြားသန့်စင်စက်ပါ။ ဒီစက်ရဲ့နည်းပညာ ကိုယူပြီး ဒီကပညာရှင်တွေနဲ့ ဒီထက်ကြီးတဲ့ စက်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်"ဟု ပဲခူးမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးဇော်နိုင်က ပြောပြသည်။

ပဲခူးမြို့၏ အမှိုက်ထွက်ရှိနှုန်းမှာ တစ်ရက်လျှင် တန် ၆ဝမှ ၈ဝ ထိရှိနေပြီး ယခုတည်ဆောက် လည်ပတ်မည့် အမှိုက်ခွဲသန့်စင် စက်သည် တစ်ရက်လျှင်တန် ၂ဝ လည်ပတ်နိုင်ကာ အမှိုက်များကို ခွဲခြားသန့်စင်၍ ဈေးကွက်တွင် ပြန်လည် အသုံးပြုခြင်းဖြင့် အမှိုက်များစုပုံမှု လျော့နည်းသွားရန် ရည်ရွယ်တည်ဆောက် ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment