Pages

Friday, May 4, 2018

စစ်ကိုင်းမြို့ သစ်ဆိပ်ကွင်းတွင် ပြည်တွင်း၊ ပြည်ပခရီးသွား သင်္ဘောများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းနှင့် ဒုတိယကမ္ဘာစစ် အထိမ်းအမှတ်ပြတိုက် တည်ဆောက်ရန်စီစဉ်



စစ်ကိုင်း ၄-၅-၂ဝ၁၈

စစ်ကိုင်းမြို့ ရွှေတောင်ဦး မော်ဘုရားနှင့် ရတနာပုံတံတားကြားရှိ သစ်ဆိပ်ကွင်းတွင် ပြည်တွင်း၊ ပြည်ပခရီးသွားသင်္ဘောများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းနှင့် ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် ပြတိုက်၊ Information Center တို့ကိုတည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန် စစ်ကိုင်းမြို့ သစ်ဆိပ်ကွင်းတွင် ပြည်တွင်း၊ပြည်ပခရီးသွား သင်္ဘောများဆိုက်ကပ်နိုင်သော ဆိပ်ကမ်းနှင့် ဒုတိယကမ္ဘာစစ် အထိမ်းအမှတ်ပြတိုက်၊ Information Center တို့ တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်ခြင်းကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပြသည်။

"စစ်ကိုင်းမြို့ရဲ့ ဆိပ်ကမ်း၊ Information Center၊ ဒုတိယကမ္ဘာစစ် အထိမ်းမှတ်ပြတိုက် အဲဒါတွေဆောင်ရွက်သွားဖို့ သစ်ဆိပ်ကွင်းနေရာကို စဉ်းစားနေတာပါ။ အဲဒီနေရာက သစ်ကွင်းကိုတော့ အခြားနေရာကို ရွှေ့မှာပါ။ ရတနာပုံ တံတားနဲ့ ကပ်လျက်ရှိပြီး တစ်ဖက်ကလဲ ရွှေကြက်ယက် ဆိပ်ကမ်းနဲ့ဆိုတော့ ရှုခင်းကလှတာပေါ့။ နောက်တစ်ခုက ကနောင်မင်းသားကြီး၏ သံရည်ကျိုစက်ရုံ (သံချပ်ဖို) နဲ့လဲ တွဲလျက်ဖြစ်နေတော့ အဲဒါကို ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းတဲ့ သဘောလဲပါပါတယ်။ စစ်ကိုင်းမြို့က တိုင်းဒေသကြီးရဲ့ဝင်ပေါက်၊ ထွက်ပေါက်ဆိုတော့ အဓိကခရီးသွား မြှင့်တင်ရေး အကောင်အထည် ဖော်တာပါ။ အဲဒါကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနကို တင်ပြထားတုန်း ရှိပါသေးတယ်" ဟု ၎င်းက ပြောပြသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ အစိုးရအဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ကဏ္ဍဖွံ့ဖြိုး တိုးတက်မှုနှင့် ခရီးစဉ်ဒေသများကို ကြည့်ရှု လေ့လာရန်အတွက် ယခုနှစ် မတ် ၇ ရက်က စစ်ကိုင်းမြို့သို့ ရောက်ရှိပြီး ကနောင်မင်းသားကြီး၏ သံရည်ကျိုစက်ရုံ (သံချက်ဖို) များနှင့် အစေခံခံတပ်သို့ သွားရောက် ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် စစ်ကိုင်းမြို့ရှိ ရှေးဟောင်း အဆောက်အအုံများ ဖြစ်သည့် သံရည်ကျိုစက်ရုံ (သံချက်ဖို) များနှင့် အစေခံ ခံတပ်တို့ကို လက်ရှိတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီက ရှေးမူမပျက်ပြုပြင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment