Pages

Wednesday, May 2, 2018

ခေတ္တနေရပ်တိမ်းရှောင် ဒေသခံတိုင်းရင်းသား ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း


တာဝန်ရှိသူတစ်ဦးက ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်စဉ်။

တာဝန်ရှိသူတစ်ဦးက ဒေသခံပြည်သူများကို အားပေးစကားပြောကြားစဉ်။

နေပြည်တော် ၂-၅-၂ဝ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်မှ ခေတ္တနေရပ်တိမ်းရှောင် တိုင်းရင်းသားပြည်သူများအား ထောက်ပံ့ပစ္စည်များပေးအပ်လှူဒါန်းခြင်းကို ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် တန်ဖဲကျေးရွာ ကတ်သလစ် ဘုရားကျောင်း ခန်းမ၌ပြုလုပ်ရာ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ထွန်းနေလင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူး၊ ကချင်ပြည်နယ်၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဂဲနက်စ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါန်လန်းတီး တို့နှင့် နေရပ်တိမ်းရှောင်တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ဗိုလ်မှူးကြီး ထွန်းနေလင်းက နေရပ်တိမ်းရှောင်တိုင်းရင်းသားပြည်သူ များအား တိုက်ပွဲများပြီးဆုံး၍ တည်ငြိမ်လာပါက မိမိတို့ကျေးရွာ နေအိမ်များတွင် ပြန်လည် နေထိုင်ကြရန်၊ မံဝယ်ကျေးရွာတွင် ပြန်လည်နေထိုင်သော ကျေးရွာသူ၊ ကျေးရွာသား များအား ပြန်လည်နေထိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးမှု အခြေအနေများ၊ လိုအပ်သော ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အခြေအနေများ၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့များ၏ အုပ်ချုပ်ရေးပြန်လည် တည်ဆောက်မှုများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ထောက်ပံ့ရသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားပြီး ဒေသခံတိုင်းရင်းသား ပြည်သူများကို အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် အင်ဂျန်းယန်မြို့နယ်ရှိ ကျေးရွာ ၁၃ ရွာမှ အိမ်ထောင်စု ၁၇၈ စု၊ အမျိုးသား ၃၈၃ ဦး၊ အမျိုးသမီး ၅၀၀ ဦး၊ စုစုပေါင်းလူဦးရေ ၈၈၃ ဦးတို့အတွက် နယ်စပ် ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့လှူဒါန်းသည့် ဆန် ၃၆၄ အိတ်၊ ဆီ ၆၂၀ ပိဿာ၊ ဆား ၁၅၅ ပိဿာ၊ ပဲ ၉၃၀ ပိဿာနှင့် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ထောက်ပံ့လှူဒါန်းသည့် ရေဘူး ၁၇၉ ဘူး၊ ကျန်းမာရေးသုံးပစ္စည်း ၁၇၉ ဖာ၊ အိုးခွက်/ပန်းကန် ၁၇၉ စုံတို့အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူအသီးသီးမှ လက်ခံရယူကြသည်။

ဆက်လက်ပြီး အင်ဂျန်းယန်မြို့နယ်မှ နေရပ်တိမ်းရှောင်တိုင်းရင်းသားပြည်သူများ ကိုယ်စား တန်ဖဲကျေးရွာ မာရီယာကောင်းကင်ဘုံသခင်မဘုရားကျောင်းမှ ဖာသာဆွတ်အောင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပြီး ဗိုလ်မှူးကြီး ထွန်းနေလင်းက နေရပ်တိမ်းရှောင် တိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ပြီး ခေတ္တနေရပ်တိမ်းရှောင် တိုင်းရင်းသားပြည်သူများသို့ အသိပေးကြေငြာချက် လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ သည်။

အလားတူ တနိုင်းမြို့၊ ပုံခုံးရပ်ကွက်ရှိ ကက်သလစ်ဘုရားကျောင်း၌ တနိုင်းဒေသရှိ အောင်လော့ဒ်ကျေးရွာမှ အိမ်ထောင်စု ၇၁ စု၊ အမျိုးသား ၁၀၀ ဦး၊ အမျိုးသမီး ၁၁၈ ဦး၊ စုစုပေါင်းလူဦးရေ ၂၁၈ ဦးအတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ထောက်ပံ့လှူဒါန်းသည့် ဆန် ၉၆ အိတ်၊ ဆီ ၄၉ ပိဿာ၊ ဆား ၁၁၄ ပိဿာ၊ ပဲ ၃၂၇ ပိဿာတို့အား ပေးအပ် လှူဒါန်းခြင်း၊ ညနေပိုင်းတွင် မိုးညှင်းခရိုင်၊ နမ္မတီးမြို့နယ်၊ လမ်းဂွကျေးရွာ ကချင်နှစ်ခြင်း ဘုရားကျောင်း၌ ကဆုန့်ကျေးရွာမှ အိမ်ထောင်စု ၂၆၁ စု ၊ အမျိုးသား ၅၂၀ ဦး၊ အမျိုးသမီး ၅၂၃ ဦး၊ စုစုပေါင်းလူဦးရေ ၁၀၄၃ ဦးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ လှူဒါန်းသည့် ဆန် ၃၆၄ အိတ်၊ ဆီ ၆၂၀ ပိဿာ၊ ဆား ၁၅၅ ပိဿာ၊ ပဲ ၉၃၀ ပိဿာတို့အား နယ်မြေခံတပ်မတော်အရာရှိကြီးများက ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူအသီးသီးမှ လက်ခံ ရယူကြသည်။

ဆက်လက်ပြီး အောင်လော့ဒ်ကျေးရွာနှင့် ကဆုန့်ကျေးရွာများမှ ခေတ္တနေရပ် တိမ်းရှောင် တိုင်းရင်းသားပြည်သူများကိုယ်စား အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြား ပြီး နယ်မြေခံတပ်မတော်အရာရှိကြီးများက ခေတ္တနေရပ်တိမ်းရှောင်တိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး အသိပေးကြေငြာချက် လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment