Pages

Tuesday, May 29, 2018

၂၄ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံအနှံ့ မိုးကြီးမည့် သတိပေးချက် ထုတ်ပြန်



မန္တလေး ၂၉-၅-၂ဝ၁၈

လက်ရှိ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ် ပိုင်းတွင်ဖြစ် ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းမှာ ယနေ့ညနေ ၃နာရီခွဲအချိန် တိုင်းထွာချက်အရ လာမည့် ၂၄နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ပြီးမုန်တိုင်းငယ် ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံက အမည်ပေးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလေ ဗဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်) မန္တလေးဌာနခွဲမှ သိရသည်။

လာမည့် ၇၂ နာရီအတွင်း နေပြည်တော် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက်မိုးကြီး ခြင်းများဖြစ်ပေါ်နိုင်၍ သတိပေးချက် ထုတ်ပြန် ထားသည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းမုန်တိုင်း ငယ်ဖြစ်ပေါ်လာပါက မုန်တိုင်း အလှည့်ကျ အမည်ပေး အစီအစဉ်အရ မြန်မာနိုင်ငံက အမည်ပေးထားသည့် "ဒရယ်" အမည်သည် မုန်တိုင်းအမည် အဖြစ်အလှည့်ကျမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပြသည်။

"အလှည့်ကျအမည် ပေးစနစ်အရ အခုမုန်တိုင်းဖြစ်ရင် မြန်မာနိုင်ငံက အမည်ပေးရမှာပါ။ လက်ရှိ လေဖိအားနည်း ရပ်ဝန်းကတော့ မုန်တိုင်းငယ် ဖြစ်လာနိုင်တဲ့ အပြင်တချို့ မုန်တိုင်းခန့်မှန်းချက် မော်ဒယ်တွေမှာ ကမ်းခြေမဝင်ခင် အားကောင်းနိုင်ခြေရှိ တာမျိုးလဲတွေ့ရတယ်။ သူ့ကြောင့် မုတ်သုံ အဝင်တန့်နေတာ။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို မကြာခင်မုတ်သုံ ဝင်လာတော့မှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မိုးရွာသွန်းမှု အခြေအနေမှာ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ၂၄နာရီ အတွင်း ၇၇မီလီမီတာ (သုံးလက်မ) နှင့်အထက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ၃၈ မီလီမီတာ (၁ ဒသမ ၅လက်မ)နှင့် အထက်ရွာသွန်း နိုင်ကြောင်း သိရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီး ခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင် သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြရန် လိုအပ်ပြီး ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိ ပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ယခုနှစ် မိုးဥတုကာလအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ရှစ်ကြိမ်ထိ ဖြစ်ပေါ်နိုင်ပြီး ရှစ်ကြိမ်အနက် လေးကြိမ်မှာ မုန်တိုင်းငယ်အဖြစ် သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment