Pages

Thursday, May 3, 2018

မြိတ်မြို့၌ ကင်းမွန်ငါးဖမ်း စက်လှေများ ယခင်နှစ်ထက် လဝက်စော၍ ငါးဖမ်းလုပ်ငန်းရပ်နား



မြိတ် ၃-၅-၂ဝ၁၈

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၌ ကင်းမွန် (ပြည်ကြီးငါး) ငါးဖမ်းစက်လှေများ ငါးမဖမ်းရကာလ သတ်မှတ်ချက်ကြောင့် သာမန်ကင်းမွန် ငါးဖမ်းရာသီထက် လဝက်ခန့်စော၍ လုပ်ငန်းရပ်နား လိုက်ကြကြောင်း သိရသည်။

သာမန်အားဖြင့် ကင်းမွန်ငါးဖမ်း လုပ်ငန်းကို သြဂုတ်လမှ ဇွန်လအထိ ဆောင်ရွက်လေ့ ရှိသော်လည်း ယခုနှစ်တွင် ငါးသားပေါက်သေဆုံးမှု လျော့ကျရေးနှင့် ပင်လယ်ပြင်အတွင်း ငါးသယံဇာတ ရှားပါးမှု မရှိစေရေးအတွက် ငါးမဖမ်းရ ကာလသတ်မှတ်ချက်ကြောင့် မေလအလယ်တွင် လုပ်ငန်းရပ်နားရမည် ဖြစ်ကြောင်း ကင်းမွန် လုပ်ငန်းရှင်များထံမှ သိရသည်။

ကင်းမွန်ငါးဖမ်း လုပ်ငန်းလုပ်ကိုင်ရာတွင် သာမန်စက်လှေငယ် တစ်စင်းတွင် ရေလုပ်သား ရှစ်ဦးခန့်ရှိပြီး စက်လှေကြီးတစ်စင်းတွင် ရေလုပ်သား ၁၈ ဦးအထိ လုပ်ကိုင်လျက်ရှိရာ ကင်းမွန်ငါးဖမ်းလှေငယ် တစ်စင်းလျှင် ငွေကျပ် သိန်းနှစ်ရာနီးပါးခန့် ရင်းနှီးထားရပြီး လှေအကြီး တစ်စင်းလျှင် ငွေကျပ်သိန်းနှစ်ထောင်ခန့် အထိ ရင်းနှီးမြှုပ်နှံ၍ ကင်းမွန်ငါးဖမ်း လုပ်ငန်းကို လုပ်ကိုင်ကြရကာ မြိတ်ဒေသတွင် ကင်းမွန်ငါးဖမ်းစက်လှေ အစင်းရေ တစ်ထောင်ဝန်းကျင်ခန့် ရှိသည်။

ကင်းမွန်ငါးများကို အကောင်အရွယ် အစားအလိုက် အတန်းအစား ငါးမျိုးခွဲခြားကာ အရွယ်အစားအကြီး (၁၊၂ ၊ ၃) အတန်းအစားကို ၁၁ ပိဿာပါ ဗန်းတစ်ဗန်းလျှင် ငွေကျပ် ကိုးသောင်းအထိ ရရှိပြီး အရွယ်အစားငယ် (၄၊၅) အတန်းအစားကို ငွေကျပ်သုံးသောင်းခွဲမှ လေးသောင်းအထိ ရရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment