Pages

Tuesday, May 15, 2018

ယာဉ်တွင်ပရဟိတ အသင်းအမည်ကပ်၍ အလွဲသုံးစားပြုလုပ်သူ နှစ်ဦးကို အရေးယူ



လားရှိုး ၁၅-၅-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ ယနေ့တွင် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း အမည်စာလုံးကို ယာဉ်ပေါ်တွင် လာကပ်သည့် လူငယ်နှစ်ဦးကို အသင်းအမည်အလွဲ သုံးစားလုပ်မှုဖြင့် အရေးယူထားကြောင်း သိရသည်။

လားရှိုးမြို့တွင် လူမှုရေးလုပ်ငန်းများ နေ့စဉ်လုပ်ဆောင်နေသော လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း အမည်ကို ၎င်းတို့နှစ်ဦးက ALPHARD ယာဉ်ပေါ်တွင်ကပ်၍ ပရဟိတ အသင်းယာဉ်အဖြစ် အသုံးချရန် ရည်ရွယ်ပြီး အဆိုပါစာတန်းများ လာရောက်ကပ်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီနေ့မနက်မှာ လားရှိုးလူငယ်များ လူမှုကူညီရေး အသင်းဆိုပြီး လာကပ်ပါတယ်။ ဒီကားဟာ ကျွန်တော်တို့အသင်းက ကားမဟုတ်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခေါ်ပြောတာပါ။ ဒီကား၊ ဒီနာမည်နဲ့ မဟုတ်တာလုပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အသင်းရဲ့ နာမည်ပျက်မယ်။ အများအားဖြင့် လူမှုရေးအသင်းမှာ လုပ်စားနေတာတွေက လဲရှိနေတာ တွေ့နေရတယ်။ တကယ်လုပ်တဲ့ အသင်းဟာ အများကြီးနစ်နာမှုရှိပါတယ်"ဟု လားရှိုးလူငယ်များ လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးထွန်းမြင့်က ပြောပြသည်။

ယာဉ်နှစ်စီးနှင့်အတူ လာကပ်ခြင်းဖြစ်ပြီး ALPHARD မီးခိုးရောင်ယာဉ်ပေါ်တွင် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းနှင့် ALPHARD အဖြူရောင်ယာဉ်ပေါ်တွင် မန္တလေးလူငယ်များ လူမှုကူညီရေးအသင်းဟူ၍ ကပ်ကာအသုံးပြု ထားခြင်းကြောင့် အသင်းအမည်ကို အလွဲသုံးစားလုပ်မှုဖြင့် အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

"ကားကို စတေကာ လာကပ်ခိုင်းတာပါ။ မနေ့ကမေ ၁၃ ရက်မှာမန္တလေး စာတန်းကပ်ခိုင်းတယ်။ ဒီနေ့မှာ လားရှိုးလူငယ်များ လူမှုကူညီရေး အသင်းစာတန်း လာကပ်ခိုင်းတာပါ။ တစ်စီးကို ငွေကျပ်ငါးသောင်းရရှိပါတယ်"ဟု စတေကာကပ်ပေးသူက ပြောပြသည်။

အဆိုပါယာဉ်တစ်စီး၏ ရှေ့ခန်းတွင်လည်း အခြားစာတန်းများ ပါရှိပြီး ALPHARD အဖြူရောင်ယာဉ်ပေါ်တွင် VIP မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်း သူများအသင်း (ရုံးချုပ်) စာတန်းပါသည့် စတေကာများကိုလည်း ထပ်မံ တွေ့ရှိရကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပရဟိတအသင်း အမည်ကို အယောင်ဆောင်အသုံးပြုသူ ညီညီအောင် ရပ်ကွက်(၃) သိန်းနီမြို့၊ စိုင်းရွှေအေး ပန်လော့ကျေးရွာ သိန်းနီမြို့နေသူ နှစ်ဦးကိုလားရှိုးမြို့မ ရဲစခန်းက (ပ)၁၇၃/၂ဝ၁၈၊အသင်း အဖွဲ့များဖွဲ့စည်းခြင်း ဆိုင်ရာဥပဒေပုဒ်မ-၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment