Pages

Wednesday, April 4, 2018

သင်္ဘောသား မှတ်ပုံတင်ထားသူ အရေအတွက် တိုးလာသော်လည်း နိုင်ငံခြားသင်္ဘော ကုမ္ပဏီများတွင် အလုပ်အကိုင် ရရှိမှု လျော့နည်းလာ



ရန်ကုန် ၄-၄-၂ဝ၁၈

ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သင်္ဘောသား မှတ်ပုံတင်ထားသူ အရေအတွက် တိုးလာသော်လည်း အလုပ်အကိုင်ရရှိမှု လျော့နည်း လာကြောင်း သိရသည်။

''လက်ရှိမှာ နိုင်ငံခြား သင်္ဘောကုမ္ပဏီ တွေက မြန်မာသင်္ဘောသား တွေအစား ကုန်ကျစရိတ် ပိုသက်သာတဲ့ ဖိလစ်ပိုင်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေက သင်္ဘောသားတွေကို ပိုမိုခန့်အပ်လာကြလို့ မြန်မာသင်္ဘောသား အလုပ်အကိုင်ရရှိမှု ရာခိုင်နှုန်းက တစ်နှစ်ထက်တစ်နှစ် လျော့ကျဖို့ပဲရှိပါတယ်''ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဆန်းဦးက ပြောသည်။

ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၇ ခုနှစ်အထိ တစ်နှစ်လျှင် သင်္ဘောသားမှတ်ပုံတင် ထားသူဦးရေ တစ်သောင်းခန့် တိုးလာသော်လည်း မှတ်ပုံတင်ထားသူ များထဲမှ အလုပ်အကိုင်ရရှိမှု ရာခိုင်နှုန်းမှာ ၂ဝ၁ဝ ပြည့်နှစ်တွင် ၅ဝ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂ဝ၁၇ ခုနှစ်တွင် ၂ဝ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိတော့သည်။

ထို့ပြင် လက်ရှိတွင် အမျိုးသမီး သင်္ဘောသား (Seafarer) များအတွက် သင်္ဘောသား မှတ်ပုံတင် (Seaman Identification & Record Book - SIRB) ထုတ်ပေးခြင်း မရှိသဖြင့် အလုပ်အကိုင်နိုင်ငံ ကူးလက်မှတ်
(Job Passport) ဖြင့် သွားရောက် လုပ်ကိုင် နေရခြင်းကြောင့် အခက်အခဲ များတွေ့ကြုံ နေကြရပြီး အမျိုးသားများနည်းတူ SIRB လက်မှတ်များ ထုတ်ပေးပါက ပိုမိုအဆင်ပြေ နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီများသည် သင်္ဘောသား စုဆောင်းခြင်းနှင့် အလုပ်ခန့်အပ်ခြင်း လိုင်စင် (S.R.P.S) ရယူ၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့မှ ပြဋ္ဌာန်းထားသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း များအရ မည်သည့်ခေါင်းစဉ် ဖြင့်မဆို သင်္ဘောသားများထံမှ ဝန်ဆောင်ခ အခကြေးငွေ ယူခွင့်မရှိဘဲ သက်ဆိုင်ရာ နိုင်ငံခြားသင်္ဘော ကုမ္ပဏီများထံမှ ဝန်ဆောင်ခကိုသာယူ၍ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment