Pages

Wednesday, April 4, 2018

ပြည်ပသို့ငါးပုစွန် တင်ပို့နိုင်ရေး အအေးခန်းစက်ရုံနှင့် ထုတ်ကုန် အရည်အသွေးမြင့် စက်ရုံတည်ဆောက်ရန် စီစဉ်



ရန်ကုန် ၄-၄-၂ဝ၁၈

မြန်မာနိုင်ငံ၏ ငါး၊ ပုစွန်မွေးမြူ ထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေး အစီအစဉ်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း ပြည်ပပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံရရှိရန်၊ တန်ဖိုးမြင့်ထုတ်ကုန် ငါး၊ ပုစွန်များကို ပြည်ပသို့တင်ပို့နိုင်ရန် ခေတ်မီနည်းစနစ်များ အသုံးပြုခြင်း၊ ငါးကန်များ တည်ဆောက်ခြင်း၊ ငါးစာထုတ်လုပ်သည့် စက်ရုံတည်ဆောက်ခြင်း၊ အအေးခန်းစက်ရုံ တည်ဆောက်ခြင်းနှင့် ထုတ်ကုန် အရည်အသွေးမြင့် စက်ရုံ တည်ဆောက်ခြင်းတို့ကို ပုဂ္ဂလိကကဏ္ဍမှ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဌေးမြင့်ထံမှ သိရသည်။

''ငါးကန်တွေ၊ ငါးစာထုတ်တဲ့ စက်ရုံတွေ၊ အအေးခန်းစက်ရုံနဲ့ ထုတ်ကုန် အရည်အသွေးမြင့် စက်ရုံတွေကို အင်ဒိုနီးရှား၊ တရုတ် (တိုင်ပေ)နဲ့ တရုတ်နိုင်ငံတို့က ပညာရှင်တွေနဲ့ မြန်မာလုပ်သားတွေ ပူးပေါင်းပြီး တည်ဆောက်မှာဖြစ်လို့ လူဦးရေတစ်သိန်း ကျော်လောက်ကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနိုင်မှာဖြစ်ပါတယ်'' ဟု ဦးဌေးမြင့်က ပြောသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မျိုးငါး၊ မျိုးပုစွန်၊ မြေနေရာများနှင့် SME ချေးငွေများ လိုအပ်လျက်ရှိရာ လက်ရှိတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ငွေကျပ် ၁ဝဝ ဘီလီယံ ထုတ်ချေးပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် ယင်းချေးငွေများကို အတိုးနှုန်းသက်သာစွာ ထုတ်ချေးရန်၊ ပင်လယ်ငါး ဖမ်းလုပ်ငန်း တိုးတက်ရေး ငါးဖမ်းစက်လှေများအား ကောင်းမွန်စွာ အဆင့်မြှင့်တင်ရန်၊ ဈေးကွက် ရရှိရေး ဆောင်ရွက်ရန်၊ ငါးဖမ်းနည်း စနစ်များ မြှင့်တင်ရန်၊ ရေလုပ်သားများ အလုပ်လက်မဲ့ မဖြစ်စေရေး ငါးဖမ်းရာသီတွင် ငါးဖမ်းခွင့် ပိတ်ထားမှုများအား လျှော့ချပေးရန်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြထားကြောင်း သိရသည်။

ထို့ပြင် ဆော်ဒီအာရေဗျ နိုင်ငံ၏ ငါး၊ ပုစွန်တင်သွင်းခွင့် ယာယီရပ်ဆိုင်းခြင်းတွင် ကမ္ဘာ့ကူးစက်ရောဂါ တိရစ္ဆာန် ထိန်းချုပ်ရေး အဖွဲ့စစ်ဆေးချက်အရ ရေချိုပုစွန်များတွင်သာ အမြီးဖြူရောဂါကို တွေ့ရှိရခြင်းဖြစ်ပြီး ငါးများတွင် ရောဂါ ကင်းစင်ကြောင်းနှင့် ငါးတင်ပို့ခွင့် ပြန်လည်ရရှိစေရန် လုပ်ငန်းစဉ်များအား သက်ဆိုင်ရာဌာနသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

#Themyawadydaily

No comments:

Post a Comment