Pages

Monday, April 9, 2018

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်မောင်း ပေါ့ဆမှုကြောင့် မတော်တဆဖြစ်ပွားမှု လျော့နည်းလာ



ရန်ကုန် ၉-၄-၂ဝ၁၈

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်မောင်းများ၏ ပေါ့ဆမှုကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားမှု လျော့နည်းလာကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ခင်မောင်ရွှေထံမှ သိရသည်။

''အမြန်လမ်းတွေမှာ ၂ဝ၁၆ ခုနှစ်နဲ့ ၂ဝ၁၇ ခုနှစ်ရဲ့ ယာဉ်မတော်တဆမှုတွေကို နှိုင်းယှဉ်မယ်ဆိုရင်၂ဝ၁၇ ခုနှစ်မှာ ဖြစ်ပွားမှု နည်းလာတာ တွေ့ရတယ်။ ယာဉ်မောင်းတွေက သတ်မှတ်ကီလို တွေထက်ပိုမောင်းတယ်။ ဒါတွေကို ကျွန်တော်တို့ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်တွေက အရှိန်နှုန်း တိုင်းတာတဲ့ စက်တွေနဲ့ အမြန်လမ်းမကြီး တစ်လျှောက်စစ်ဆေး ကြပ်မတ်တယ်။ အရေးယူမှုတွေ ဆောင်ရွက်တယ်။ ဒီအတွက် သူတို့လည်း မမောင်းရဲတော့ ဘူးပေါ့။ သတ်မှတ်ကီလို နှုန်းလေးပဲမောင်းတာ ဖြစ်တဲ့အတွက် ယာဉ်ကြီးတွေဆိုရင် မတော်တဆဖြစ်တာ မရှိသလောက်ပါပဲ'' ဟု ဒုတိယရဲမှူးကြီး ခင်မောင်ရွှေက ပြောသည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှု များသည် အရှိန်ပြင်းစွာ မောင်းနှင်စဉ် ယာဉ်မောင်း အိပ်ငိုက်၍ ဖြစ်ခြင်း၊ အရှိန်နှုန်း ပြင်းစွာမောင်းပြီး ရုတ်တရက် မထိန်းနိုင်ခြင်း တို့ကြောင့် အများဆုံးဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု များရှိနေသော်လည်း ဖြစ်ပွားနှုန်းသည် ၃ဝ ရာခိုင်နှုန်း လျော့ကျလာကြောင်း၊ အမြန်လမ်း မကြီးရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် ရဲကင်းစခန်း၄၆ ခုဖြင့်ဖြန့်ခွဲကာ လုံခြုံရေးကို လှည့်ကင်းများဖြင့် လှည့်လည်ဆောင်ရွက် ပေးနေကြောင်းနှင့် ထိရောက်သော ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment