Pages

Monday, April 9, 2018

မဟာမုနိ ရုပ်ရှင်တော်မြတ်တွင် ယခုနှစ် ရွှေမိုက်ထုတ်ယူရာ၌ ရွှေ ၁၆ ပိဿာကျော် စံချိန်တင်ရရှိခဲ့



မန္တလေး ၉-၄-၂ဝ၁၈

မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော် မြတ်တွင် (၆၇) ကြိမ်မြောက်အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရွှေမိုက်ထုတ်ယူခဲ့ရာ ယနေ့တွင် ရွှေမိုက် ထုတ်ယူခြင်း ပြီးဆုံးပြီဖြစ်ကာ စုစုပေါင်း ရွှေ ၁၆ ပိဿာကျော် စံချိန်တင်ရရှိခဲ့ကြောင်း မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က ပြောပြ၍ သိရသည်။

"ဒီနှစ်က နှစ်စဉ် ပုံမှန် ရွှေမိုက်ထုတ်ယူ တာအပြင် ကျောင်းတော်ကြီး ရွှေချတာနဲ့ကြုံတော့ အဲဒီက ရွှေမိုက်ထုတ်တာရော ဆိုတော့ ပိုများသွားတာပါ။ မနှစ်က တစ်လခွဲလောက် ပဲကြာပေမယ့် ဒီနှစ်နှစ်လခွဲလောက် အချိန်ယူလိုက်ရတယ်"ဟု ၎င်းက ပြောပြသည်။

ယခုနှစ်တွင် မဟာမုနိ ရုပ်ရှင်တော်မြတ် ဂန္ဓကုဋိတိုက်အတွင်း တော်အပြင် လက်ရှိ ကျောင်းတော်ကြီး ရွှေသင်္ကန်း ကပ်လှူလျက်ရှိရာ ကျောင်းတော်ကြီး၏ ရာမလက်ညှိုးထိုး၊ ပြာသာဒ်တော်ကြီး ဘုံခုနစ်ဆင့်၊ ဘုံသုံးဆင့်၊ သဇင်ပန်းခွေ၊ စေတီရံ၊ ညောင်ရေအိုး စသည်တို့မှလည်း ရွှေမိုက်ထုတ်ယူခြင်း ဖြစ်ရာ ယခုနှစ်တွင် ရွှေပိဿာချိန်ရရှိမှု စံချိန်တင်များပြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေမိုက် ထုတ်ယူရာတွင် ရွှေမိုက်ထုတ်ယူနိုင်သည့် ပစ္စည်းများကို သန့်စင်သည့် ရွှေရရှိသည်ထိ အဆင့် ဆင့်ပြုလုပ်ရပြီး မိုက်သူ-ကြီး ဦးဆောင်၍ လုပ်သား ၂ဝခန့်ပါဝင် လုပ်ကိုင်ရကြောင်း သိရသည်။

ရွှေမိုက် ထုတ်လုပ်ငန်း လက်ခံလုပ်ကိုင် သူများက ရရှိလာသည့် ရွှေမိုက်များကို ဂေါပကအဖွဲ့ဝင်များ၊ တာဝန်ရှိ လူကြီးများရှေ့တွင် အတိအကျ ခြင်တွယ်၍ ရက်စွဲ၊အလေးချိန် အတိအကျဖြင့် လက်မှတ်ရေးထိုး အပ်နှံရခြင်း ဖြစ်ကြောင်း သိရသည်။

မဟာမုနိရုပ်ရှင် တော်မြတ်တွင် တစ်ရက်လျှင် ရွှေဆိုင်းကပ်လှူသူ ဦးရေ ၅ဝဝဝ ခန့်ရှိပြီး မဟာမုနိ ရုပ်ရှင်တော်မြတ်မှ ရွှေမိုက်ထုတ်ယူရာတွင်၂ဝ၁၅ခုနှစ်တွင် ရွှေ ၆ ပိဿာ ၅ဝ ကျပ်သား၊ ၂ဝ၁၆ခုနှစ်တွင် ၇ ပိဿာ ၄ ကျပ်သား၊ ၂ဝ၁၇ခုနှစ်တွင် စုစုပေါင်း ရွှေချိန် ၇ ပိဿာနီးပါး ထွက်ရှိခဲ့ကြောင်း အဆိုပါဂေါပက အဖွဲ့ထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment