Pages

Monday, March 19, 2018

သင်္ကြန်ကာလအတွင်း ကျုံးပတ်လည်တွင် မြန်မာ့ရိုးရာ သင်္ကြန်ပုံရိပ် ပျက်စီးနိုင်သော အရက်၊ ဘီယာရောင်းချမှုများကို တားဆီးအရေးယူမည်



မန္တလေး ၁၉-၃-၂ဝ၁၈

မန္တလေးမြို့ ကျုံးပတ်လည်တွင် မြန်မာ့ရိုးရာ သင်္ကြန်ပုံရိပ် ထိခိုက်ပျက်စီးစေနိုင်သော အရက်၊ဘီယာ ရောင်းချမှုများကို သင်္ကြန်ကာလအတွင်း လုံးဝပိတ်ပင် တားဆီးအရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြသည်။

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲကို မြန်မာတစ်နိုင်ငံလုံး ဧပြီလတွင် စတင်ကျင်းပ ပြုလုပ်တော့မည် ဖြစ်သောကြောင့် ရိုးရာသင်္ကြန်ပုံရိပ်ကို ထိခိုက်စေနိုင်မည့် အရက်၊ဘီယာများ ကျုးံ ဘေးပတ်လည်တွင် ရောင်းချမှု မရှိစေရေး အတွက် ပိတ်ပင်တားဆီးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် ၂ဝ၁၇ခုနှစ်က မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကာလတွင် လမ်းလျှောက် သင်္ကြန်ကိုဖော်ဆောင်ခဲ့ပြီး ယခုနှစ်သင်္ကြန်တွင် မန္တလေးမြို့ ကျုံးဘေး ၆၆ လမ်းဘက်တွင် တောသင်္ကြန်ကိုပါ ထပ်မံတိုးချဲ့၍ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

"မန္တလေးမြို့မှာ ကျင်းပမယ့် အခုနှစ်သင်္ကြန်က ထူးခြားတဲ့ အစီအစဉ်တွေ ထည့်ထားတယ်။ ပြည်တွင်း ခရီးသွားတွေအပြင် ပြည်ပခရီး သွားဧည့်သည်တွေပါ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာနိုင်တယ်။ ဒါကြောင့်လာမယ့် ဧပြီလမှာ ကျင်းပမယ့် ရိုးရာသင်္ကြန်မှာ အရက်၊ ဘီယာတွေသောက်ပြီး မူးရူးနေရင် ကျုံး နဲ့နန်းမြို့ရိုးကြီးအပြင် မန္တလေးမြို့ရဲ့ပုံရိပ်ကိုပါ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် သင်္ကြန်ကာလအတွင်းမှာ အရက်၊ ဘီယာရောင်းချမှုတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်သွားမှာပါ" ဟု ၎င်းက ပြောပြသည်။

မန္တလေးမြို့တွင် သင်္ကြန်ကာလ ကျုံးတောင်ဘက်၂၆လမ်း၊ မြောက်ဘက် ၁၂လမ်း၊အနောက်ဘက်လမ်း ၈ဝနှင့် အရှေ့ဘက် ၆၆လမ်းတစ်လျှောက်ကို အရက်ဘီယာရောင်းချမှု မရှိစေရေး မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ၊ အခွန်ဌာနနှင့် သက်ဆိုင်ရာပူးပေါင်း အဖွဲ့များက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယခင်၂ဝ၁၇ခုနှစ်သင်္ကြန်က အရက်၊ ဘီယာရောင်းချမှုများကို ဖမ်းဆီးအရေးယူ သော်လည်း ကြားဖောက်ရောင်းချမှုများ ရှိနေခြင်းကြောင့် ယခုနှစ် သင်္ကြန်တွင် အတတ်နိုင်ဆုံး ရှင်းလင်းအရေးယူ ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment