Pages

Monday, March 5, 2018

ဘီးလင်းဒေသရှိ အေဒီ ၅ ရာစုနှင့် ၇ ရာစု ဂဝံလက်ရာများကို လာရောက်ကြည့်ရှု သူများပြား



ဘီးလင်း ၅-၃-၂ဝ၁၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာရှိ ရှေးဟောင်းဂဝံ ယဉ်ကျေးမှု လက်ရာများကို လာရောက်ကြည့်ရှု သူများပြားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ လက်ရာများသည် အေဒီ ၅ ရာစုနှင့် ၇ ရာစုခန့်က လက်ရာများဖြစ်ပြီး ပြည်တွင်းခရီးသွားများ သာမက နိုင်ငံခြားခရီးသွား ဧည့်သည်များပါ လာရောက်ကြည့်ရှု ကြကြောင်း သိရသည်။

''ဆင်တစ်ကန့်၊ မြင်းတစ်ကန့်နဲ့ ဆင်တပ်၊ မြင်းတပ်လို လုပ်ထားတဲ့တံတိုင်းကို ကျိုက်ထီးဆောင်း ဆရာတော်ကြီးရဲ့ သြဝါဒနဲ့ ဒေသခံတွေက ထိန်းသိမ်းပေးထားပါတယ်'' ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဆင်တပ်၊ မြင်းတပ် မြို့ရိုးတံတိုင်းများနှင့် အတူဆင်၊ မြင်း၊ ခြင်္သေ့၊ နဂါးများ ထပ်မံဖြည့်စွက် တည်ဆောက်ထား သော်လည်း ရှေးဟောင်းဂဝံယဉ်ကျေးမှု လက်ရာစစ်စစ်မှာ ဆင်တပ်၊ မြင်းတပ်တံတိုင်းများ ဖြစ်ကြကြောင်းနှင့် ခေတ်ကာလကြာမြင့် လာသည်နှင့်အမျှ လေဒဏ်၊ မိုးဒဏ်များကြောင့် ယိုယွင်းပျက်စီးမှုများ မဖြစ်စေရန် ထိန်းသိမ်းထားကြောင်း သိရသည်။

''ဒီဆင်တပ်၊ မြင်းတပ်တံတိုင်းမှာရှိတဲ့ အစိတ်အပိုင်းတချို့က ကိုလိုနီခေတ်တုန်းက ချိုးဖဲ့ခံရတာတွေရှိပြီး အဲဒီတုန်းက လမ်းခင်းဖို့ အသုံးပြုခဲ့တယ်လို့ သိရပါတယ်'' ဟု ၎င်းက ပြောသည်။

''ဂျာမနီနိုင်ငံက လာရောက် လည်ပတ်ကြတဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်နှစ်ယောက်က သူတို့ အဲဒီနေရာကို သွားချင်တယ်ဆိုလို့ လိုက်ပို့ပေးရတယ်။ ကျွန်တော်တို့ ပြည်တွင်း ကသူတွေတောင်မှ သိတဲ့သူနည်းပါတယ်။အဲဒီဒေသတစ်ဝိုက်နဲ့ မော်လမြိုင်၊ သထုံ၊ဘားအံဘက်က ဒေသခံတွေ လောက်ပဲသိကြတာ။ နိုင်ငံခြားခရီးသွား ဧည့်သည်တွေက လိုက်ပို့ခိုင်းလို့ ကျွန်တော်လည်း ရောက်သွားတော့ ကျွန်တော်တို့လိုပဲ လာပြီးလေ့လာသူတွေအများကြီးပဲ။ အဲဒီကို အရင်ကလာဖူးတဲ့ သူတို့မိတ်ဆွေ နိုင်ငံခြားခရီးသွား ဧည့်သည်တွေက ပြောပြလို့ သူတို့က မှတ်သား ထားပြီးရောက်လာကြတာပါ'' ဟု ခရီးသွားဧည့်သည် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ ကိုစိုးကိုကိုက ပြောသည်။

#Themyawadydaily

No comments:

Post a Comment