Pages

Tuesday, February 20, 2018

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ နံရံဆေးရေး ပန်းချီများကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန် စီစဉ်



ညောင်ဦး ၂ဝ-၂-၂ဝ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်း စေတီပုထိုးများမှ နံရံဆေးရေး ပန်းချီများကို အမေရိကန် အခြေစိုက် Getty Conservation Institution (GCI) အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်းရန် စီစဉ်လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင် ကျော်ထံမှ သိရသည်။

ထိုသို့ ပြုပြင်ထိန်းသိမ်းရန် GCI အဖွဲ့၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းကာ ကနဦးလေ့လာ ဆန်းစစ်မှုများ စတင်ပြုလုပ်လျက်ရှိပြီး ပြုပြင်ထိန်း သိမ်း၍ ရနိုင်သော နံရံဆေးရေး ပန်းချီများကို ပြန်လည်ပြုပြင်မည် ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်းစေတီ ပုထိုးများအနက် နံရံဆေးရေး ပန်းချီရှိသော ဘုရားစေတီပုထိုးပေါင်း ၄ဝဝ ကျော်ရှိပြီး တချို့သော နံရံဆေးရေး ပန်းချီများအပေါ်တွင် ထုံးသုတ်ခြင်း၊ ရေးခြစ်ခြင်း၊ ဆီမီးများနှင့် ရေချမ်းများ ကပ်လှူပူဇော်ခြင်း တို့ကြောင့် ပျက်စီးမှုများ ရှိနေသည့်အတွက် ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းများ လုပ်ဆောင်ခဲ့သည်။

ကျန်ရှိနေသေးသော နံရံဆေးရေး ပန်းချီများကိုလည်း အလားတူ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းကြရန် NGO အဖွဲ့များ၊ INGO အဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်
ရာ တာဝန်ရှိသူများ ပူးပေါင်းပြီး ဘုရားဖူး လာသူများနှင့် ဒေသခံပြည်သူများကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment