Pages

Wednesday, January 31, 2018

မန္တလေးဈေးချိုရှိ စားသောက်ကုန် အရောင်းဆိုင်များကို ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်သော ဆိုင်များအဖြစ် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးမည်



မန္တလေး ၃၁-၁-၂ဝ၁၈

မန္တလေးဈေးချိုအတွင်း၌ ရောင်းချနေသည့် စားသောက်ကုန် အရောင်းဆိုင်များကို ခွင့်မပြုဓာတု ဆိုးဆေးကင်းစင်သော ဆိုင်အဖြစ် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစားအေသာက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စားသောက်ကုန် အရောင်းဆိုင်များကို ခွင့်မပြုဓာတု ဆိုးဆေးကင်းစင်သောဆိုင် အဖြစ်လက်မှတ်ပေးခြင်းကို မန္တလေးတိုင်းဒေသကြီးမှ ပထမဦးဆုံးအနေဖြင့် ဈေးချိုတော်ကို စတင်ဆောင်ရွက် ပေးခြင်းဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး အတွင်းရှိဈေးများကို ယခုကဲ့သို့ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''အခု ထုတ်ပေးထားတာက ဘယ်တိုင်းဒေသကြီး၊ ဘယ်ပြည်နယ်၊ ဘယ်မြို့မှာမှ ဆောင်ရွက်ခြင်းမရှိ သေးပါဘူး။ မန္တလေးဈေးချိုကို ပထမဦးဆုံး ထုတ်ပေးမှာ ဖြစ်ပါတယ်။ အရင်ဆုံးအနေနဲ့ ဆိုင်ပေါင်း ၁ဝဝ ကိုထုတ်ပေးသွားမှာ ပါ။ အခုမန္တလေး ဈေးချိုဟာဆိုရင် ဓာတုဆိုးဆေး လုံးဝကင်းစင်သွားပါပြီ။ တစ်လကို နှစ်ကြိမ်လောက် စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။ အဓိကကတော့ ငရုတ်သီးမှုန့်၊ ပဲပြား၊ ငါးပိ၊ မျှစ် ဒီအစားအစားတွေကို အဓိကထားပြီး စစ်ဆေးပါတယ်'' ဟု ၎င်းက ပြောပြသည်။

မန္တလေးဈေးချိုတော် အတွင်း၌ ၂ဝ၁၇ခုနှစ် သြဂုတ်လမှစ၍ ဆိုးဆေးများဆိုး၍ အစားအသောက်များ ရောင်းချခြင်းသည် တဖြည်းဖြည်း ကျဆင်းလာပြီး နိုဝင်ဘာလအတွင်း စစ်ဆေးချက်များအရ ၁ဝ ခိုင်နှုန်းခန့်တွေ့ရှိ ခဲ့သော်လည်း ဒီဇင်ဘာလမှ၍ ဆိုးဆေးဆိုး၍ ရောင်းချသည့် အစားအစာများ လုံးဝကင်း စင်သွားကြောင်း၊ ယခုထုတ်ပေးမည့် လက်မှတ်များသည် ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်သောဆိုင်အဖြစ် အသိအမှတ်ပြု ပေးခြင်းဖြစ်ကြောင်း သိရသည်။

''ဒီလက်မှတ်တွေကို FDA နဲ့မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတို့ရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ပေးခြင်း ဖြစ်ပါတယ်။ ဘယ်လိုမျိုး ဆိုင်တွေကို ထုတ်ပေးမလဲဆိုတော့ FDA ကနေပြီးတော့ သုံးကြိမ်တိုင်တိုင် စစ်ဆေးပြီးမှ လုံးဝဆိုးဆေး ကင်းစင်မှထုတ်ပေးမှာပါ။ ပြီးတော့ ဒီလက်မှတ်ထုတ်ပေး ပြီးတော့ FDA ကနေပြီး အချိန်မရွေးဝင်စစ်လို့ ဆိုးဆေးတွေ့ရှိခဲ့မယ်ဆိုရင် ဒီလက်မှတ်ကို ပြန်လည်သိမ်းမှာဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment