Pages

Wednesday, January 31, 2018

ဧရာဝတီမြစ်အတွင်း ရေကြောင်းကျပ်တည်းမည့် နေရာ ၂၅ နေရာကျေးရွာခုနစ်ရွာတွင် ဝါးနွေရေကာ လုပ်ဆောင်ပေးရန် လျာထား



မန္တလေး ၃၁-၁-၂ဝ၁၈

ဧရာဝတီမြစ်အတွင်း ယခုနှစ်ရေကျချိန်တွင် ရေကြောင်းကျပ်တည်းမည့် နေရာ ၂၅ နေရာရှိသော်လည်း သွားလာအသုံးပြုမှု များသည့် စဥ့်ကူ-မန္တလေး-ညောင်ဦးကြား ကျေးရွာခုနစ်ရွာတွင် ဝါးနွေရေကာ လုပ်ဆောင်ပေးရန် လျာထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဒေသ-၅ မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဧရာဝတီမြစ်အတွင်း လာမည့် ဖေဖော်ဝါရီလမှစ၍ ရေနည်းချိန် ကာလဖြစ်သည့်အပြင် သင်္ဘောများ သွားလာရာတွင်လည်း ရေကြောင်း ကျပ်တည်းမှုများကို နှစ်စဉ်ကြုံတွေ့ နေရကြောင်း၊ ဧရာဝတီမြစ် အတွင်း၌သွားလာ နေသည့် ခရီးသည်တင် သင်္ဘောများအပါအဝင် ကုန်တင်သင်္ဘောများအနေဖြင့် သတိပြုသွားလာရန် လိုအပ်ကြောင်း၊ ယခုလက်ရှိ ဧရာဝတီမြစ်အတွင်း၌ ရေနည်းချိန် ကာလတွင် သွားလာရခက်ခဲသည့် နေရာ ၂၅ နေရာခန့် ရှိသော်လည်း မန္တလေးဆိပ်ကမ်းမှ အဓိကသွားလာ အသုံးပြုနေသည့် ရေလမ်းကြောင်းများဖြစ်သည့် စဥ့်ကူမန္တလေး-ညောင်ဦး ရေလမ်းကြောင်းရှိ ကျေးရွာခုနစ်ရွာ၌ ဝါးနွေရေကာဖြင့် ရေကြောင်းကျပ်တည်းမှု များကိုယာယီ ဖြေရှင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေမှာ ၃၈ဝ စင်တီမီတာသာရှိပြီး အနည်းဆုံးရေအမှတ် ၃၆ဝ စင်တီမီတာထိ ရောက်ရှိရန် အနည်းငယ်သာ လိုအပ်တော့သည့်အတွက် လာမည့် ဖေဖော်ဝါရီလမှစ၍ ရေကြောင်း ကျပ်တည်းမှုများ စတင်ဖြစ်ပေါ်မည် ဖြစ်သောကြောင့် ရေကြောင်းကျပ်တည်းမည့် နေရာ ၂၅ နေရာခန့်ရှိမည်ဟု တွက်ချက်ထားပြီး ၎င်းနေရာထဲမှ ကျပ်တည်းမှု အဆိုးဆုံး ဖြစ်ပေါ်နိုင်သည့် ကြာဥယျာဉ်ကျေးရွာ၊ ရေလယ်ကျွန်းကျေးရွာ၊ ရှမ်းကလေးကျွန်းကျေးရွာ၊ နှောက်ချေးကျွန်းကျေးရွာ၊ သုံးလင့်ကျေးရွာ၊ ရွေပေါက်ပင်ကျေးရွာနှင့် လေးလံကျွန်း ကျေးရွာတို့တွင် ဝါးနွေရေကာလုပ်ငန်းကို လုပ်ဆောင်ပေးသွားရန် လျာထားကြောင်း သိရသည်။

ရေကြောင်း ကျပ်တည်းသည့် နေရာများကို ရေအနက်ပိုမိုရရှိ စေရေးအတွက် ရေပြန့်ကျယ်တွင် တစ်ပြေးညီ စီးဆင်းနေသည့် ရေကိုကတော့ပုံစံစီး ဆင်းနိုင်ရန်ဝါးတိုင်၊ ဝါးကပ်များဖြင့် အဟန့်အတား လုပ်ပေးကာရေစီး၊ရေလာမှာစောင်း၍ တစ်နေရာတည်းတွင် စီးဆင်းသွားမည် ဖြစ်ကြောင်း၊ ထိုသို့စီးဆင်းပြီး မြစ်ကြမ်းပြင်ရှိသဲများကိုပါ ရေတိုက်စားကာ ယခင်ကသုံးပေအနက် ရှိသည့်နေရာမှာ ရေအနက်ငါးပေ ထိရရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းဝါးနွေရေကာများကို ရေစီးရေလာချိန်ပြီး အလျား၊အနံ တွက်ချက်ကာ ရေစီးရေလာ ကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment