Pages

Wednesday, January 10, 2018

နန်းယွန်းမြို့ ၌ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပမည်



နန်းယွန်း ၁ဝ-၁-၂ဝ၁၈

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (နာဂဦးစီးအဖွဲ့) တို့ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့၌ နာဂရိုးရာ နှစ်သစ်ကူး ပွဲ တော် ကို ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကျင်းပမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် ပြခန်းများ ဖွင့်လှစ်ခြင်း၊ ရိုးရာတံခွန်တိုင်စိုက်ထူ ပွဲကျင်းပခြင်း၊ ဇန်နဝါရီ ၁၅ ရက်တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ပျော်ပွဲရွှင်ပွဲများ၊ ညပိုင်းတွင် မီးပုံပွဲ စသည်တို့ကို ပြည်တွင်းပြည်ပခရီးသွား များအနေဖြင့် ဒေသခံတိုင်းရင်းသား များနှင့်အတူ ပါဝင်ဆင်နွှဲ နိုင်မည်ဖြစ်ကြောင်း သိရသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ သွားရောက် လည်ပတ်လိုသည့် ပြည်တွင်းပြည်ပ ခရီးသွားများကို လမ်းကြောင်းများ အသိပေး ထုတ်ပြန်ထားပြီး ရန်ကုန်မှ မန္တလေး-ခန္တီးသို့ လေယာဉ်ဖြင့်လည်းကောင်း၊ ခန္တီးမြို့မှ လဟယ်မြို့သို့ မော်တော်ယာဉ်များဖြင့် လည်းကောင်း သွားရောက်လည်ပတ် နိုင်မည်ဖြစ်သည်။

နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို နာဂတိုင်းရင်းသားများ၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာများအား နိုင်ငံခြားခရီးသွား ဧည့်သည်များ သိရှိနားလည်စေရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်း တိုးတက်မြှင့်တင်စေရန် နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများ လမ်းခရီးတစ်လျှောက်၌ သွားလာမှု လုံခြုံချောမွေ့စေရန်၊ သက်သောင့်သက်သာ သွားလာနိုင်စေရန်နှင့် စိတ်ချမ်းမြေ့စွာနေ ထိုင်စားသောက်နိုင်စေရန် စီစဉ်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment