Pages

Thursday, December 7, 2017

ရေနံယိုစိမ့်မှုဖြစ်ပွားခဲ့သည့် ချောက်မြို့ MOGE ရေနံပိုက်လိုင်းကို ပြင်ဆင်ပြီး အခြေအနေများ ပုံမှန်လည်ပတ်နေ



ကားလမ်းမပေါ်သို့ ယိုစိမ့်နေသည့်ရေနံများအား ဒေသခံများ ခပ်ယူနေမှုကို တွေ့ရစဉ်။


ချောက် ၇-၁၂-၂၀၁၇

ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ရေနံယိုစိမ့်မှု ဖြစ်ပွားခဲ့သည့် ချောက်မြို့လွတ်လပ်ရေးရပ်ကွက် အမှတ် (၄) နယ်မြေအတွင်းရှိ MOGE ရေနံပိုက်လိုင်းကို အရေးပေါ် ပြင်ဆင်မှုများဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရေနံသွယ်တန်းမှု အပါအဝင် အနီးပတ်ဝန်းကျင် အခြေအနေများ ပုံမှန်လည်ပတ် နေပြီဖြစ်ကြောင်း ချောက်မဲဆန္ဒနယ် အမှတ် (၁) မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်း၏ ပြောပြချက်အရ သိရသည်။

"ရေနံချက်စက်ရုံက ဖြစ်တာမဟုတ်ပါဘူး။ MOGE မြန်မာ့ရေနံ ပင်မရေနံ လှောင်ကန်က ရေနံတင်သင်္ဘောတွေဆီ ပေးပို့တဲ့ ခြောက်လက်မ ရေနံပိုက်လိုင်းရဲ့ ရှစ်လက်မ ဘဲထိန်းနေရာအဆက်လေး ကွဲသွားတာကြောင့် ရေနံတွေပန်းထွက် ကုန်ပါတယ်။ သိသိချင်း ဘဲကိုတစ်ခါတည်း ပိတ်လိုက်တယ်။ လမ်းကြောင်းမှာ စီးနေတဲ့ရေနံတွေကို လမ်းကြောင်းလွှဲ ခပ်ထုတ်ပြီး ညနေပိုင်း မီးမသုံးစွဲဖို့ နောက်နေ့ မနက်မှသုံးဖို့ မီးဘေးအန္တရာယ်မဖြစ်အောင် သတိပေးထားခဲ့ပါတယ်။ ရေနံစီးကြောင်းတွေကို သဲတွေနဲ့ ဖို့ပါတယ်။ ခုတော့ အခြေအနေက ပုံမှန်အတိုင်း ဖြစ်သွားပါပြီ။ ဘာအန္တရာယ်မှ မရှိတော့ပါဘူး" ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက ပြောပြသည်။

MOGE မြန်မာ့ရေနံမန်နေဂျာ ဦးကရိင်နော်အောင် ဦးဆောင်သည့် ဝန်ထမ်းများဖြင့် ရေနံလိုင်းတင်ပို့တွင်းကို ရပ်ခဲ့သော်လည်း ပိုက်ထဲတွင် ကျန်နေသည့်ရေနံများ မြေပေါ်သို့ စီးဆင်းမှု ရှိခဲ့ကြောင်း၊ တစ်စည်လျှင် ငွေကျပ်ငါးသောင်း တန်ဖိုးရှိသည့် ရေနံ ၆၉စည်ဆုံးရှုံးခဲ့ကြောင်း၊ ရပ်ကွက်နေ ပြည်သူအချို့မှ ၎င်းတို့၏နေအိမ်များ ရေနံသုတ်ရန် မြေပေါ်မှ ရေနံများကို ခပ်ယူမှုရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် နှစ်စီး၊ ရေနံမီးသတ်မှ ရေသယ်ယာဉ် တစ်စီး၊ မြို့အထောက်အကူပြု ရေသယ်ယာဉ် တစ်စီးတို့ဖြင့် လမ်းပေါ်စီးကျခဲ့သည့် ရေနံများကို ရှင်းလင်းခြင်း၊ သဲဖို့ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပြည်သူများပူးပေါင်း ဆောင်ရွက်မှုကြောင့် အခြေအနေများ ပုံမှန်ဖြစ်သွားပြီဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment