Pages

Thursday, December 7, 2017

ဝမ်းတွင်းမြို့နယ်တွင် ရေတိုက်စားမှုကြောင့် ပေါ်လာသည့် ပျူမြို့ဟောင်းဟုယူဆရသော အစိတ်အပိုင်းများကို ရွာသားများတူးဖော်ယူဆောင်



ဝမ်းတွင်း ၇-၁၂-၂၀၁၇

ဝမ်းတွင်းမြို့နယ်တွင် ရေတိုက်စားမှုကြောင့် ပေါ်လာသည့် ပျူမြို့ဟောင်း၏ အစိတ်အပိုင်းများကို ဒေသခံရွာသူ၊ ရွာသားများ တူးဖော်ယူဆောင်မှုများ ပြုလုပ်ကြကြောင်း အဆိုပါပျူမြို့ဟောင်း ပေါ်ပေါက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် သင်္ကန်းဆွဲကျေးရွာအုပ်စု စမုံကျေးရွာတွင် စမုံချောင်းရေတိုက် စားမှုကြောင့် နိုဝင်ဘာလကုန်ပိုင်းတွင် ပေါ်လာသည့် ပျူမြို့ဟောင်း ဟုယူဆရသော အုတ်ရိုးများ၊ အုတ်ဂူပုံစံများနှင့် အရိုး၊ အသွားများစသည့်တို့ကို ရွာသူ၊ရွာသားများက တူးဖော်ယူဆောင်မှု ပြုလုပ်ခဲ့ ကြသည့်အတွက် ယခုအခါတွင် မရှိသလောက် ဖြစ်နေကြောင်း သင်္ကန်းဆွဲကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ ရုံးစာရေးဒေါ်သီတာဝင်းက ပြောပြသည်။

"သုတေသနအဖွဲ့တွေလဲ လာကြည့်သွားသေးပါတယ်။ ရွာသားတွေကတော့ ဟိုတလောက တူးလိုက်ဖော်လိုက်လုပ်နေကြတာတွေ့ပါတယ်။ အဓိက ကတော့ အုတ်ဂူတွေနဲ့ အရိုးတွေပါ။ သူတို့ကလဲဘုရားနဲ့နီးတော့ တန်ဖိုးရှိတယ်ထင်ပြီး ယူကြတယ်လို့တော့ ထင်ပါတယ်"ဟု ဒေါ်သီတာဝင်းက ဆက်လက်ပြောပြသည်။

စမုံချောင်း ရေတိုက်စားမှုကြောင့် စမုံကျေးရွာမှ အောင်ချမ်းသာစေတီသည် ရေနစ်မြုပ်သွား ခဲ့သော်လည်း အဆိုပါစေတီအနီးတွင် ဧရိယာအကျယ် ခုနစ်ပေခန့်ဖြင့် အုတ်မြို့ရိုးများ (ဆက်လက်တူးဖော်ရန် ကျန်နေသေး) အုတ်ဂူများ၊ အရိုးများ၊ အသွားများနှင့် ရှေးခေတ် အစိတ်အပိုင်းအချို့တို့ ပေါ်ပေါက်လာခြင်းဖြစ်ကာ၊ ဒေသခံ ရွာသူ၊ ရွာသားများအနေဖြင့် တန်ဖိုးရှိသည်ဟု ထင်မြင်ယူဆကာ တူးဖော်ယူဆောင်မှုများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

" တော်တော်များများတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ အောက်ခြေက အုတ်မြို့ရိုးကတော့ ကျန်ပါသေးတယ်။ အဲဒါကိုတော့ရွာ သားတေကွတူးမသွား ကြသေးပါဘူး။ ပညာရှင်တွေ လာကြည့်ကြပါသေးတယ်။ သူတို့ကတော့ ဒါကိုဆက်တူးရင် စမုံချောင်းအောက်ဘက်ကို တူးရမယ်လို့တော့ ခန့်မှန်းသွားကြပါတယ်" ဟု စမုံးကျေးရွာ ဒေသခံ ဦးကျော်ဦးက ပြောသည်။

အဆိုပါ မြို့ဟောင်းသည် သင်္ကန်းဆွဲကျေးရွာအုပ်စု စမုံရွာ၏ နှစ်မိုင်ခန့်အကွာတွင် ပေါ်ပေါက်လာခြင်းဖြစ်ကာ သမိုင်း၏ အမွေအနှစ်များ ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ သမိုင်းပညာရှင်များနှင့်ပူးပေါင်းလုပ်ဆောင် သွားမည်ဟုလည်း သိရသည်။

#Themyawadydaily

No comments:

Post a Comment