Pages

Wednesday, December 27, 2017

မန္တလေးမြို့တွင် ၁၁ နှစ်အတွင်း ကြက်သွန်နီဈေး ဒုတိယအမြင့်ဆုံးသို့ ရောက်ရှိ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ဈေးပြန်လည်ကျနိုင်ဟုဆို



မန္တလေး ၂၇-၁၂-၂၀၁၇

၂ဝဝ၆ ခုနှစ် နောက်ပိုင်းမှ စတင်၍ ၁၁နှစ်အတွင်း မန္တလေးမြို့ကြက်သွန် ဈေးကွက်တွင် ကြက်သွန်နီဈေးမှာ ဒုတိယအမြင့်ဆုံး ဈေးသို့ရောက်ရှိနေပြီး ၂ဝ၁၈ခုနှစ် ဇန်နဝါရီလကုန်ခန့်တွင် ဈေးပြန်ကျနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ သိရသည်။

လက်ရှိတွင် မန္တလေးမြို့ ကြက်သွန်ဈေးကွက်၌ ကြက်သွန်နီ တစ်ပိဿာလျှင် (ပွဲရုံဈေး) ထိပ်စငွေကျပ်၂၅ဝဝ၊ အောက်စ ငွေကျပ် ၁ဝဝဝမှ ၁၂ဝဝဈေးထိရှိနေပြီး မြစ်သားနှင့် ကျောက်ဆည် ကြက်သွန်နီများ အဓိက ဝင်ရောက်နေကာ ရွှေဘိုကြက်သွန်နီ အနည်းငယ် စတင်ဝင်ရောက်နေကြောင်း သိရသည်။

"ကြက်သွန်နီ အဓိကထွက်တဲ့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတွေမှာတော့ ကြက်သွန်နီ ထွက်နေပြီ။ ကြက်သွန်နီ အရည်အသွေး မမီသေးလို့တူးဖို့စောင့်ရင်း အချိန်မီ မပို့နိုင်သေးတော့ တစ်လလောက် လက်ရှိဈေးအတိုင်းပဲ သွားနေဦးမယ်။ အဲဒီနောက်ပိုင်းလောက်မှ ဈေးပြန်ကျနိုင်မယ်"ဟု အဆိုပါအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပြသည်။

မန္တလေးကြက်သွန်နီ ဈေးကွက်တွင် ၂ဝ၁၅ခုနှစ်က ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ်၃ဝဝဝ ထိဈေးအမြင့်ဆုံး ရောက်ရှိခဲ့ပြီး ၂ဝဝ၆ခုနှစ် နောက်ပိုင်း၌ ယခုနှစ်တွင် ကြက်သွန်နီဈေး ဒုတိယအမြင့်ဆုံးဈေးသို့ ရောက်ရှိခြင်း
ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ကြက်သွန်အဓိက ထွက်ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ ကြက်သွန်နီပျိုးပင်စိုက်ဧကများ ထိခိုက်ပျက်စီးမှုများ ပြားခဲ့သည့်အတွက် ကြက်သွန်နီဈေး မြင့်နေခြင်း ဖြစ်ကြောင်း သိရသည်။



#Yadanarpondaily

No comments:

Post a Comment