Pages

Wednesday, December 27, 2017

မန္တလေးတိုင်း ဒေသကြီးတွင် ကျေးရွာပေါင်း ၂၈ဝဝ ကျော်လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေးရန် ကျန်ရှိနေ



မန္တလေး ၂၇-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး၌ ယခုနှစ်တွင် ကျေးရွာပေါင်း ၂၈ဝဝ ကျော် လျှပ်စစ်မီးမရရှိသေးကြောင်းနှင့် မီးလင်းရေး ဆောင်ရွက်ပေးရန် ကျန်ရှိနေကြောင်း မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် စာရင်းရှိ ကျေးရွာပေါင်း ၄၈ဝဝ ကျော်ရှိသည့်အနက် ကျေးရွာပေါင်း ၁၉ဝဝကျော်ကို ဓာတ်အားစနစ် လျှပ်စစ်မီးပေးထားနိုင်ပြီး ကျေးရွာပေါင်း ၂၈ဝဝကျော်မှာ လျှပ်စစ်ဓာတ်အား မရရှိသေးဘဲ မီးလင်းရေး ဆောင်ရွက်ပေးရန် ကျန်ရှိနေသေးကြောင်း အဆိုပါကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

"ကျေးရွာပေါင်း ၄ဝရာခိုင်နှုန်း ကျော်လောက်ကို မီးလင်းရေး ဆောင်ရွက်ပေးပြီးပါပြီ။ ကျန်တဲ့ကျေးရွာတွေကို ဆက်ပြီးမီးလင်းရေး ဆောင်ရွက်ဖို့ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ပြင်ဆင် ဆောင်ရွက်နေပါတယ်။ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး လုပ်နေတဲ့ ကျေးရွာတွေလဲရှိတယ်။ တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ ဆောင်ရွက်နေတာလဲရှိတယ်" ဟု ၎င်းက ဆက်လက်ပြောပြသည်။

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားအဆင့် လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် NEP ကို ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပထမအဆင့်အနေဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ၁၁ ကေဗွီဓာတ်အားလိုင်းနှင့် နှစ်မိုင်အတွင်းရှိ ကျေးရွာပေါင်း ၃၉၃ ရွာကို ပထမဦးစားပေး လျှပ်စစ်ဓာတ်အား ရှိရန်ဆောင်ရွက်မည်ဖြစ်ကာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၅သန်းခန့် သုံးစွဲရန်လျာထား ကြောင်း သိရသည်။

ဒုတိယအဆင့်တွင် ၁၁ကေဗွီဓာတ်အားလိုင်းနှင့် ငါးမိုင်အတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရန်နှင့် ဓာတ်အားပေးခွဲရုံတိုးချဲ့ တည်ဆောက်ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားအဆင့် လျှပ်စစ်ဓာတ်အားရရှိ ရေးစီမံချက် NEP အရ လာမည့်၂ဝ၃ဝပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ် စစ်မီးရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးလျှပ် စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment