Pages

Friday, December 29, 2017

ပုဂံယဉ်ကျေးမှုနယ်မြေမှ ငလျင်ဒဏ်သင့် စေတီပုထိုးများနှင့် အဆောက်အအုံများ ပြန်လည်ပြုပြင်မှု တစ်ဝက်ကျော်ပြီးစီးနေ



နေပြည်တော် ၂၉-၁၂-၂ဝ၁၇

ပုဂံယဉ်ကျေးမှုနယ်မြေမှ ငလျင်ဒဏ်သင့် စေတီပုထိုးများနှင့် ရှေးဟောင်း အဆောက်အအုံများ ပြန်လည်ပြုပြင်မှု လုပ်ငန်းများ တစ်ဝက်ကျော်ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းများအရ သိရသည်။

၂ဝ၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးနှင့် သာသနိက အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှု များရှိခဲ့ကြောင်း၊ အဆိုပါစေတီပုထိုးများ၏ ထိခိုက်ပျက်စီးမှု အခြေအနေအရ ဦးစားပေးအဆင့်များ သတ်မှတ်ကာ ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ပြန်လည်ပြင်ဆင် ဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များ၊ မူလအလှူရှင်များကလည်း အလှူငွေများထည့်ဝင်လှူဒါန်း ပြင်ဆင်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အဆိုပါ စေတီပုထိုးများနှင့် ရှေးဟောင်း အဆောက်အအုံများကို ပြန်လည်ပြင်ဆင် ဆောင်ရွက်ရာတွင် ရှေးဟောင်းလက်ရာများ မပျက်စီးစေရေးအတွက် ပြည်တွင်း၊ပြည်ပမှ သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များ နှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မွမ်းမံပြင်ဆင်ဆောင်ရွက်မှု လုပ်ငန်းများကို ၂ဝ၂ဝပြည့်နှစ်တွင် အပြီးသတ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ယခုအခါငလျင်ဒဏ်သင့် စေတီပုထိုးများနှင့် ရှေးဟောင်း အဆောက်အအုံ ပြန်လည် မွမ်းမံပြင်ဆင်မှုလုပ်ငန်းများမှာ တစ်ဝက်ကျော် ဆောင်ရွက်ပြီးစီး နေပြီဖြစ်၍ လုပ်ငန်းလုပ်ကိုင်မှု ၆ဝ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါငလျင် လှုပ်ခတ်စဉ်က ထိခိုက်ပျက်စီးမှုမရှိခဲ့ဟု ထင်ခဲ့သည့် စေတီပုထိုးများမှာလည်း ပြင်ပထိခိုက်မှု မရှိခဲ့သော်လည်း အတွင်းပိုင်းထိခိုက်မှုများ ဖြစ်နိုင်သဖြင့် ပြည်တွင်း၊ပြည်ပ ပညာရှင်များက အကြိမ်ကြိမ်လေ့လာစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါဆောင်ရွက်မှုများအရ ငလျင်လှုပ်ခဲ့စဉ်က ထိခိုက်ပျက်စီးမှု မရှိခဲ့ဟုထင်ရသည့် သဗ္ဗညုစေတီသည် ယူနက်စကို၊ ဂျပန်၊ထိုင်း၊ တရုတ်စသည့် ပြည်ပပညာရှင်များနှင့် ပြည်တွင်းမှ ပညာရှင်များ၏ အကြိမ်ကြိမ်လေ့လာ စစ်ဆေးမှုများအရ အတွင်းကြေဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment