Pages

Monday, October 23, 2017

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာတိုးချဲ့နိုင်မည် ဆိုပါက ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်




မန္တလေး ၂၃-၁၀-၂၀၁၇

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာတိုးချဲ့နိုင်မည်ဆိုပါက ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်ကုန်းငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ယခုလက်ရှိအချိန်တွင် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာတိုးချဲ့နိုင်ရန်အတွက် သုတေသန လုပ်ဆောင်မှုများ ဆောင်ရွက်လျက်ရှိပြီး မန္တလေးမြို့မှ ကချင်ပြည်နယ် ဗန်းမော်ထိသုတေသန လုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS) တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

"အခု သုတေသနလုပ်တာက လင်းပိုင်ဧရိယာ တိုးချဲ့နိုင်ရေးအတွက် မျှော်မှန်းထားတာပါ။ ဘယ်အထိ တိုးချဲ့မလဲဆိုရင် တတိယမြစ်ကျဉ်း အထက်ဘက်က နေပြီးတော့ မလယ်မြို့ ဒုတိယမြစ်ကျဉ်း အောက်ဘက် ရွှေကူထိတိုးချဲ့သွားဖို့ မျှော်မှန်းထားပါတယ်" ဟု ၎င်းက ပြောပြသည်။

အဆိုပါ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာတိုးချဲ့ နိုင်မည်ဆိုပါက ယခင်ကရှိခဲ့သည့် ထိန်းသိမ်းရေးဧရိယာကဲ့သို့ လင်းပိုင်ကြည့်ရှုရင်း ကျေးရွာအတွင်း လုပ်ကိုင်နေကြသည့် မိရိုးဖလာလုပ်ငန်းများနှင့် အထင်ကရနေရာများကို နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက် လေ့လာမှုများ ရှိလာနိုင်မည်ဖြစ်ပြီး ကျေးရွာခရီးသွား လုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

"တိုးချဲ့မယ့် ဧရိယာအတွင်းမှာ လောလောဆယ်တော့ စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်နေပါတယ်။ ကျေးရွာတွေကို လင်းပိုင်နဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေ၊ ဟောပြောမှုတွေကို ဆောင်ရွက်နေပါတယ်။ တကယ်လို့ လင်းပိုင်ထိန်းသိမ်းရေးဧရိယာ အမှန်တကယ် တိုးချဲ့နိုင်မယ်ဆိုရင် ထိန်းသိမ်းရေး ဧရိယာအတွင်း ကျေးရွာတွေမှာရှိတဲ့ အထင်ကရနေရာတွေ၊ ရှေးဟောင်းဘုရားတွေကို လင်းပိုင်ကြည့်ရင်းနဲ့ နိုင်ငံခြားသားတွေ ဝင်လာနိုင်ပြီးတော့ ကျေးရွာ ခရီးသွားလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောပြသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ တိုးချဲ့နိုင်မည်ဆိုပါက မန္တလေးကျောက်မြောင်း ထိန်းသိမ်းရေး ဧရိယာကဲ့သို့ တစ်လလျှင် နှစ်ကြိမ်၊ သုံးကြိမ်ထိန်းသိမ်းမှု လုပ်ငန်းစဉ်များကို သက်ဆိုင်ရာငါးလုပ်ငန်း ဦးစီးဌာနနှင့်ပူးပေါင်း၍ ပိုမိုဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment