Pages

Monday, October 23, 2017

မန္တလေးမြို့ ကျုံးအတွင်း ရေနှစ်ပေခန့် မြင့်တက်လာမှုကြောင့် မြို့တွင်းရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး ကျုံးအတွင်း ရေဝင်ရောက်သည့် ပုသိမ်ကြီးမြောင်းခွဲကို ယာယီပိတ်ထား



မန္တလေး ၂၃-၁၀-၂၀၁၇

မန္တလေးမြို့ ကျုံးအတွင်း ရေနှစ်ပေခန့်ထိ မြင့်တက်လာမှုကြောင့် မြို့အတွင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ကျုံးအတွင်း ရေဝင်ရောက်သည့် ပုသိမ်ကြီးမြောင်းခွဲကို ယာယီပိတ်ထားရကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရေသန့်ဌာနမှ ဌာနမှူးဦးမျိုးသန့်၏ ပြောပြချက်အရ သိရသည်။

ယခုလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မန္တလေးမြို့ ကျုံးအတွင်းရှိ ရေ Level မြင့်တက်လာပြီး ယခင်မိုးမရွာသွန်းမီက ကျုံး၏ရေအမှတ်မှာ ခုနစ်ပေခန့်သာရှိသော်လည်း ယခုလက်ရှိအချိန်တွင် ၉ ပေ ၂ လက်မခန့်ထိ မြင့်တက်လာခဲ့ သောကြောင့် မန္တလေးမြို့ တွင်းရှိ မြောင်းနှင့် ချောင်းများအတွင်းသို့ ရေများ ဝင်ရောက်ကာ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ရေသန့်ဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့ ကျုံးအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဆည်တော်ကြီးရေလှောင်တမံမှ မန္တလေးမြောင်းမကြီး ထိုမှတစ်ဆင့် ကျုံးအတွင်းသို့ ရေများ ဝင်ရောက်သည့် ပုသိမ်ကြီးမြောင်းခွဲကို အောက်တိုဘာ ၂၁ ရက်မှစတင်၍ ယာယီပိတ်ထားရကြောင်း၊ ထိုသို့ယာယီ ပိတ်ထားရာတွင် ရေဝင်လမ်းကြောင်း များအားလုံးကို ပိတ်ထားခြင်းမဟုတ်ဘဲ ကျုံးအတွင်းသို့ ဝင်ရောက်သည့် ရေလမ်းကြောင်းတစ်ခု တည်းသာ ပိတ်ထားခြင်းဖြစ်ကြောင်း၊ ဆည်တော်ကြီးရေလှာင် တမံရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရေလမ်းကြောင်း များကိုပုံမှန် ဖွင့်ပေးထားကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဦးက ပြောပြ၍ သိရသည်။

" ယခုလအတွင်း မန္တလေးမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ကျုံးရေမြင့်တက် တာတွေဖြစ်ပေါ်နေတယ်။ တချို့နေရာ တွေမှာဆိုရင် ကျုံးအတွင်း ရေလျှံပြီးတော့ မြောင်းတွေထဲကိုရေစိမ့်ဝင်မှုတွေ ဖြစ်နေတယ်။ကျုံးအနောက်ဘက်မှာဆိုရင်လဲ ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်။ နောက်ထပ်ရေတွေ ဝင်လာရင် မြို့တွင်းရေလျှံ တာတွေဖြစ်ပေါ်လာ နိုင်တာကြောင့် ကျုံးအတွင်း ရေဝင်ပေါက်တွေကို ခေတ္တယာယီပိတ်ထားပါတယ်" ဟုမန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

မန္တလေးမြို့ ကျုံးရေ နှစ်ပေခန့်ထိမြင့် တက်လာသောကြောင့် မြို့တွင်းလမ်းကြောင်းများ ရေဝင်ရောက်မှုမရှိစေရေး အောက်တိုဘာ ၂၁ ရက်မှစ၍ ကျုံးအတွင်းသို့ ဆည်တော်ကြီးမှတစ်ဆင့် ဝင်ရောက်နေသည့်ရေ လမ်းကြောင်းများကို သုံးရက်တိတိ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း၊ ကျုံးရေအခြေအနေ ယခင်ပုံမှန် အနေအထားသို့ ရောက်ရှိသွားပါက ရေဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment