Pages

Tuesday, October 3, 2017

မန္တလေးမြို့တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများ သီတင်းကျွတ်ကာလ၌ ယာဉ်စီးခပိုမိုတောင်းခံပါက အရေးယူမှုများ ပြုလုပ်သွားမည်



မန္တလေး ၃-၁၀-၂၀၁၇

မန္တလေးမြို့တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများအနေဖြင့် သီတင်းကျွတ်ကာလ၌ ယာဉ်စီးခပိုမိုတောင်းခံပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ (မြို့တွင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင် ယခုလက်ရှိ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းများအနေဖြင့် သီတင်းကျွတ်ကာလအတွင်း ခရီးသည်များသယ်ယူ ပို့ဆောင်ရာတွင် ခရီးစဉ်များကို ပုံမှန်နှုန်းထားထက် ယာဉ်စီးခပိုမို တောင်းခံလာပါက တိုင်းဒေသကြီးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ (မြို့တွင်း) သို့ လာရောက်တိုင်ကြား နိုင်ကြောင်း၊ ထိုသို့တိုင်ကြားလာလျှင် အမှန်တကယ် တောင်းခံမှုမျိုးရှိပါက ဒဏ်ငွေကျပ် ၅ဝဝဝ ဖြင့် ပထမဦးဆုံးအကြိမ် အရေးယူသွားမည့်အပြင် ဒုတိယအကြိမ်စည်းကမ်း ဖောက်ဖျက်ပါက ယာဉ်လိုင်းပြေးဆွဲခွင့်ကို ပျမ်းမျှရက်သတ္တတစ်ပတ်ခန့် ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် မန္တလေးမြို့တွင်း၌ သွားလာရေးကဏ္ဍတွင် အခက်အခဲ မရှိစေရေးအတွက် ယာဉ်အသင်းပေါင်း၂၇သင်း၊ ယာဉ်အစီးရေပေါင်း ၇၅၈စီးဖြင့် တစ်ရက်လျှင် ပျှမ်းမျှအစီးရေ၃၅ဝ ပြေးဆွဲပေးနေကြောင်း၊ ၎င်းအစီးရေဖြင့် ယာဉ်လမ်းကြောင်း လိုင်းခွဲပေါင်း ၃၉ လိုင်း ဖြန့်ကြက်ပြေးဆွဲ ပေးနေကြောင်း၊ မန္တလေးမြို့တွင်း ပြေးဆွဲနေသည့် လမ်းကြောင်းများမှာ မြစ်ငယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ၊ ဈေးချိုဘက်သို့ယာဉ်အသင်းပေါင်းလေးသင်း ရှိပြီးစက်မှု၊ ဈေးချိုအပြင် အခြားကျန်ရှိသည့် နေရာများသို့ ယာဉ်အသင်းခုနစ်သင်း စသည့်လမ်းကြောင်းများသို့ နေ့စဉ်အခကြေးငွေ သက်သာစွာဖြင့် ပြေးဆွဲပေးလျက်ရှိသော်လည်း သီတင်းကျွတ်ကာလတွင် ယာဉ်လိုင်းများ အနေဖြင့် ယာဉ်စီးခများကို ပုံမှန်အတိုင်းသာ ကောက်ခံရန် လိုကြောင်း သိရသည်။

ယခင်နှစ်များက မန္တလေးမြို့တွင် ပြေးဆွဲနေသည့်ယာဉ်လိုင်းအချို့မှာ အခါကြီး၊ ရက်ကြီးနှင့် ရုံးပိတ်ရက်များတွင် ယာဉ်စီးခပိုမို ကောက်ခံမှုများ ရှိနေသည့်အတွက် လူမှုကွန်ရက်ပေါ်တွင် ပြောဆိုမှုများရှိခဲ့ပြီး ယခုလက်ရှိအချိန်တွင်သီတင်းကျွတ်ကာလ နီးကပ်လာခဲ့သော်လည်း မန္တလေးမြို့တွင်း ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းများယာဉ်စီးခ ပိုမိုတောင်းခံမှုများ မရှိသေးကြောင်း၊ လက်ရှိတွင် ယာဉ်စီးခပိုမိုတောင်းခံမှုမျိုး မရှိသေးသော်လည်း သီတင်းကျွတ် ကာလတွင် လိုက်ပါစီးနင်းသည့် ခရီးစဉ်များကို ပုံမှန်အတိုင်း ကောက်ခံမှုမရှိပါက လာရောက်တိုင်ကြား နိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment