Pages

Tuesday, October 31, 2017

ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) မှ ၀ိဇ္ဇာဘွဲ့ရ ၇၉ ဦး၊ သိပ္ပံဘွဲ့ရ ၁၄၆ ဦး၊ A.G.T.I ဒီပလိုမာ ၆၈ ဦးအား အလုပ်ခန့်အပ်လွှာပေးအပ်


ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)မှ သင်တန်းဆင်း ကျောင်းသားများနှင့် မိဘများအားရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်။

နေပြည်တော် ၃၁-၁၀-၂၀၁၇

သင်တန်းဆင်းဘွဲ့ရသည်နှင့် အလုပ်တာဝန်များပါ ခန့်အပ်ပေးသွားမည် ဖြစ်သည့်အတွက် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ၊ လိုက်နာရမည့်ကျင့်ဝတ်၊ စောင့်ထိန်းရမည့် စည်းကမ်းများကို တိတိကျကျလိုက်နာ သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၏ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G. T. I ဒီပလိုမာသင်တန်းတို့၏ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်စေရန်အတွက် တိုင်းရင်းသားများ၏ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်စေရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရန် ဒီဂရီကောလိပ် (ရန်ကုန်) ကို ၂ဝဝဝ ပြည့်နှစ် ဇွန်လ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၃၂၄ ဦး၊ သိပ္ပံဘွဲ့ ၉၁၂ ဦး၊ A.G. T. I ဒီပလိုမာ ၄၅၆ ဦးတို့အား ဝန်ကြီးဌာန ၁၅ ခုတွင် ဝန်ထမ်းကောင်းများ အဖြစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးတာဝန်များကို အသီးသီးထမ်းဆောင် လျက်ရှိကြကြောင်း၊ သင်တန်းဆင်းပြီးသူများထဲမှ မဟာဘွဲ့ ၁ဝ၂ ဦး၊ မဟာသုတေသနဘွဲ့၄၃ ဦး၊ B.E ဘွဲ့ ၈၈ ဦး၊ M.E ဘွဲ့ ၁၃ ဦး၊ Ph.D ဘွဲ့ ၁၃ ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်သကဲ့သို့ တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၅၁ မျိုး သင်တန်းဆင်းခဲ့ ကြပြီးဖြစ်ကြောင်း၊ သင်တန်းဆင်းများအနေဖြင့် ဝန်ကြီးဌာနအသီးသီးတွင် နိုင်ငံတော်၏ တာဝန်အမျိုးမျိုးကို ထမ်းဆောင်နေကြ ပြီဖြစ်ကြောင်း၊ ရှေးအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်၏ ပညာရေးရည် မှန်းချက်နှင့်အညီ လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းအတွင်းမှ Long Life Learning အနေဖြင့် ယခုထက်ပိုမို မြင့်မားသည့် မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းများကို နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ဆက်လက်ဆည်းပူး ကြိုးစားစေလိုကြောင်း၊ နယ်စပ်ဒေသက တိုင်းရင်းသားလူမျိုးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချ ရေးကို နိုင်ငံတော်အစိုးရ အဆက်ဆက် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြကြောင်း။

နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ၏ဘဝ တိုးတက်မြင့်မား စေလိုသည့်ရည်ရွယ်ချက်နှင့် ပညာသင်ယူခဲ့သည့် ကာလအတွင်း နိုင်ငံတော်က ၁ဝဝ ရာခိုင်နှုန်းပြည့်နီးပါး ထောက်ပံ့ခဲ့ကြောင်း၊ ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ရန်အတွက် လိုအပ်သည့် အသိပညာ၊ အတတ်ပညာ အရည်အချင်းများ ပြည့်ဝရန် သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ကျရာဒေသတွင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာသည့် နိုင်ငံ့ ဝန်ထမ်းကောင်းများအဖြစ် တာဝန်ထမ်းဆောင်ရင်း တိုင်းရင်းသားလူငယ်များကို ဥပဒေလေးစားလိုက်နာပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သူများ ဖြစ်အောင် လက်တွဲခေါ်ဆောင်ပေးရန်၊ နိုင်ငံတော်နှင့် တိုင်းရင်းသား မိဘပြည်သူများအကြား ထိရောက်သည့် ကြားခံပေါင်းကူးများအဖြစ် ပါဝင်ဆောင်ရွက် သွားကြရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု များကိုအခြေခံပြီး နိုင်ငံတော်နှင့် ပြည်သူလူထု အပေါ်သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

တိုင်းရင်းသား လူမျိုးများတွင် မှန်ကန်သော ပြည်ထောင်စုစိတ်ဓာတ်၊ အတွေးအခေါ် ခံယူချက်များဖြစ်လာရန် ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းတန်ဖိုးထားရန်၊ မလိုလား အပ်သည့် ငွေကြေး၊ မိန်းမ၊ အရက်သေစာ၊ မူးယစ်ဆေးဝါး လမ်းကြောင်းပေါ် မရောက်ရှိရန် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းသွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ ကျေးဇူး သစ္စာကို အမြဲစောင့်သိရိုသေသည့် နိုင်ငံသားကောင်းများအဖြစ် ကြိုးစားသွား ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းအလိုက် ထူးချွန်ဆုရကျောင်းသား များအား ဂုဏ်ပြုဆုများပေးအပ်ခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းဆင်း ကျောင်းသား များဖြစ်သော ဝိဇ္ဇာဘွဲ့ရ ၇၉ ဦး၊ သိပ္ပံဘွဲ့ရ ၁၄၆ ဦး၊ A.G.T.I ဒီပလိုမာ ၆၈ ဦး စုစုပေါင်း ၂၉၃ ဦးတို့အား ဝန်ကြီးဌာန ၁၁ ဌာနသို့ တာဝန်ပေးအလုပ် ခန့်အပ်လွှာပေးအပ်ပွဲ ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနကိုယ်စားလှယ်များက သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက် ခန့်အပ်လွှာများ ပေးအပ်ပြီး ကျောင်းသားကိုယ်စားလှယ် တစ်ဦးစီက လက်ခံရယူသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားများနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က သင်တန်းဆင်း ကျောင်းသားများအား ညနေစာဖြင့်တည်ခင်း ဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment