Pages

Thursday, September 28, 2017

မရမ်းချောင် စစ်ဆေးရေးဂိတ် စတင်ဖွင့်လှစ်ချိန်မှ ခုနစ်လခန့်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် ၂၁၆ စီး ဖမ်းဆီးရမိ



ကျိုက်ထို ၂၈-၉-၂၀၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာအနီးရှိ မရမ်းချောင်စစ်ဆေးရေး ဂိတ်စတင်ဖွင့်လှစ်ချိန်မှ စက်တင်ဘာ ၂၅ရက်ထိ ခုနစ်လခန့်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် ၂၁၆စီး ဖမ်းဆီးရမိခဲ့ကြောင်း မရမ်းချောင် စစ်ဆေးရေးဂိတ်မှ သိရသည်။

ဂိတ်စတင်ဖွင့်လှစ်သည့် ယခုနှစ် မတ် ၁မှ စက်တင်ဘာ ၂၅ ရက်ထိ တရားမဝင်ကုန်စည်များနှင့် အတူ ဥပဒေနှင့်မညီသော ပစ္စည်းများ ဖြတ်သန်းသွားလာ နိုင်ခြင်းမရှိ စေရန်အပြင် လိုင်စင်မဲ့မော်တော်ယာဉ်များကို ဖမ်းဆီး အရေးယူနေခြင်း ဖြစ်ကြောင်း မရမ်းချောင်စစ်ဆေးရေး ဂိတ်တာဝန်ခံ ဦးဇော်မင်းသိန်းက ပြောပြသည်။

"လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ ပတ်သက်ပြီး ဂိတ်ကိုဖြတ်သန်း သွားလာနေတဲ့ လမ်းပေါ်မှာဆိုရင်တော့ ကြပ်မတ်စစ်ဆေးတယ်။ ဂိတ်ကိုရှောင်ကွင်းပြီး သွားလာနေတဲ့ လမ်းတွေပေါ်မှာကျတော့ သတင်းရရှိမှုအပေါ်မူတည်ပြီး ဖမ်းဆီးနေပါတယ်။ ဖမ်းဆီးတဲ့နေရာမှာလဲ တရားမဝင် ကုန်စည်တွေအပြင် လိုင်စင်မဲ့မော်တော်ယာဉ်တွေပါ ဖမ်းဆီးပါတယ်။ လိုင်စင်မဲ့ကားကိုတော့ ကျွန်တော်တို့က ပထမဆုံး သံသယအနေနဲ့ စစ်ဆေးပြီးထိန်း သိမ်းထားတယ်။ ပိုင်ရှင်တွေကတော့ လိုင်စင်ရှိကြောင်း အထောက်အထား ပြနိုင်ရင်တော့ လုပ်ထုံး၊လုပ်နည်းအရ စစ်ဆေးပြီး ပြန်ပေးတယ်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကစစ်လို့ အထောက်အထား မမှန်ရင်တော့ အမှုဖွင့် သိမ်းဆည်းပါတယ်"ဟု၎င်းက ပြောပြသည်။

သိမ်းဆည်ထားသော မော်တော်ယာဉ်များကို ပြည်သူ့ ဘဏ္ဍာသိမ်းဆည်း မိန့်ထုတ်ကာ အကောက်ခွန်ဦးစီးဌာန (ရန်ကုန်ရုံးချုပ်) ကိုတင်ပြပြီး ၎င်းမှတစ်ဆင့် ဝန်ကြီးဌာနသို့ တင်ပြကာ ဆက်လက်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

လိုင်စင်မဲ့မော်တော်ယာဉ် မောင်းနှင်လာသူများကို လိုင်စင်မဲ့ယာဉ်မောင်းနှင်မှုနှင့် ပတ်သက်၍ ထွက်ဆိုချက်များ ရယူထားကာ ပင်လယ်ရေကြောင်း ဥပဒေပုဒ်မဖြင့် ယာဉ်များကိုသာ သိမ်းဆည်းပြီး ယာဉ်မောင်းများကို ဖမ်းဆီးအရေးယူခြင်း မရှိကြောင်း သိရသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များ နှင့်ပတ်သက်၍ အထက်ဌာန၏ ညွှန်ကြားချက်များ ရရှိလာပါက ယာဉ်မောင်းများကိုပါ ပို့ကုန်၊ သွင်းကုန်ပုဒ်မများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မရမ်းချောင်ကုန်သွယ်မှု စစ်ဆေးရေးဂိတ်တွင် အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူကာကွယ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနများပါသည့် ပူးပေါင်းအဖွဲ့ (၁၁) ဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment