Pages

Tuesday, August 1, 2017

ထိုင်းနိုင်ငံမှ ရောဂါပိုးပါသည့် တီလားဗီးယားများ ပြည်တွင်းသို့ ဝင်ရောက်မှုမရှိစေရန် ထိန်းချုပ်သင့်



ရန်ကုန် ၁-၈-၂၀၁၇

ထိုင်းနိုင်ငံမှ တီလားဗီးယားငါး မွေးမြူရေးတွင် ရောဂါပိုးကျရောက် နေသည့်အတွက် ပြည်တွင်းသို့ဝင်ရောက်မှု မရှိစေရန် နယ်စပ်ဝင်ပေါက်များ မှတစ်ဆင့် တရားမဝင် ငါးတင်သွင်းမှုကို ထိန်းချုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်ထံမှ သိရသည်။

''တီလားဗီးယားက မြန်မာနိုင်ငံမှာ အောင်အောင်မြင်မြင် သားမဖောက်နိုင် သေးတဲ့အတွက် တီလားဗီးယားမွေးမြူဖို့ လိုအပ်တဲ့ငါးတွေကို ထိုင်းနိုင်ငံက အများဆုံး တင်သွင်းနေရတာဖြစ်ပါတယ်။ အခုထိုင်းနိုင်ငံမှာတီလားဗီးယားတွေ ရောဂါ ကျရောက်မှုကြောင့် ၃ဝ ရာခိုင်နှုန်းအထိ သေကျေပျက်စီး နေတယ်''ဟု ဦးဝင်းကြိုင်က ပြောသည်။

ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် တီလားဗီးယားများမှ တစ်ဆင့် ပြည်တွင်းမှ ငါး၊ပုစွန်မွေးမြူရေး လုပ်ငန်းများနှင့် သဘာဝရေပြင်တွင် ရှိနေသည့် ငါး၊ ပုစွန်များကို ယင်းရောဂါများ ကူးစက်မှုရှိ၊ မရှိစစ်ဆေးပြီးမှသာ ရောင်းချ ခွင့်ပြုရမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ တီလားဗီးယားငါး မွေးမြူရေးလုပ်ငန်းမှာ ရောဂါပိုးကူးနေကြောင်း ထိုင်းနိုင်ငံဘက်မှ ထုတ်ပြန်ထားပြီး ပြည်တွင်းသို့ ထိုင်းနိုင်ငံမှ ငါးများတင်သွင်းရာတွင် ရောဂါကင်းရှင်းကြောင်း လက်မှတ်တောင်းဆိုရန်လိုအပ်သကဲ့သို့ ပြည်တွင်း၌လည်း သေချာထပ်မံစစ်ဆေးရန် လိုအပ်ကြောင်း သိရသည်။

ပြည်တွင်းသို့ လေကြောင်းလိုင်းမှ တရားဝင် တင်သွင်းသည့် ငါးများသည် ရောဂါပိုး ပါမလာစေရန် စနစ်တကျထိန်းချုပ် နိုင်သော်လည်း ထိုင်းနယ်စပ်မှ မှောင်ခိုတင်သွင်း လာသည့်ငါးများကို ရောဂါးပိုးရှိ၊ မရှိစစ်ဆေးရန် မရနိုင် သဖြင့် တရားမဝင် ဝင်ရောက်မှုကို ထိန်းချုပ်ရန် လိုအပ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment