Pages

Tuesday, July 25, 2017

H1N1 တုပ်ကွေးရောဂါပိုး တွေ့ရှိရမှုနှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်း



နေပြည်တော် ၂၅-၇-၂၀၁၇

ရန်ကုန်တိုင်း ဒေသကြီးအတွင်း H1N1 တုပ်ကွေးရောဂါပိုး ရှိသူတွေ့ရှိရမှုနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲတစ်ခုကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အနောက်မြင်းပြိုင် ကွင်းလမ်းရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ပြုလုပ်သည်။

ံH1N1 တုပ်ကွေးရောဂါပိုး ရှိသူများနှင့် ပတ်သက်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ''ကျွန်တော်တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို စမ်းသပ်စစ်ဆေးမှု တွေပြုလုပ်တဲ့အခါ ဒီ H1N1 Positive  ဖြစ်တယ်ဆိုပြီး ဇူလိုင် ၂၁ ရက်က အဖြေရရှိခဲ့ပါတယ်။ အလားတူပဲ ရန်ကုန်အထွေထွေရောဂါ ကုဆေးရုံသစ်ကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ အထဲကနေ Positive လူနာတစ်ဦး ထပ်မံတွေ့ရှိ ခဲ့ပါတယ်။ အဲဒါကလဲ ဇူလိုင် ၂၁ရက်က တွေ့တာပါ။ ဒီရက်ပိုင်း ရန်ကုန်မြို့အတွင်းမှာ တုပ်ကွေးရောဂါ အဖြစ်များပါတယ်။ အဲဒီထဲမှာ H1N1 Positive ဖြစ်နေတာတွေရှိနေတော့ လူတွေက ကြောက်လန့် သယောင်ဖြစ်နေ ကြတယ်။ အဲဒီအတွက် ပြည်သူတွေကြားမှာ အသိပညာတွေ ဖြန့်ဝေပေးဖို့ ပိုပြီးလိုလာပါတယ်''ဟု ပြောသည်။

လက်ရှိတွင် H1N1 Positive ဖြစ်သူသုံးဦးအား သက်ဆိုင်ရာ ဆေးရုံကြီးများ၏ အထူးကြပ်မတ် ကုသဆောင်များတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

''နံပါတ်တစ်ကတော့ သူက ဘယ်လိုကူးလဲဆိုတာ သိဖို့လိုပါတယ်။ ဒါမှလဲ ဘယ်လိုကာကွယ်ရမလဲ ဆိုတာပြောလို့ရမှာပါ။ ကူးနိုင်တာကတော့ တိုက်ရိုက်ထိတွေ့ခြင်းက ကူးပါတယ်။ နောက်ပြီး အသက်ရှူလမ်း ကြောင်းကနေ လေမှတစ်ဆင့် ကူးပါတယ်။ အထူးသဖြင့် လက်သန့်ရှင်းမှုက အရေးကြီးပါတယ်။ အပြင်သွားပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောဖို့လိုပါတယ်။ နှာချေ၊ ချောင်းဆိုးရင် လက်ကိုင်ပဝါနဲ့ အုပ်ဆိုးသင့်ပါတယ်။ ဒီရောဂါတွေက ကိုယ်ခံအားကျဆင်း နေတဲ့အချိန်မှာ ဖြစ်တဲ့အတွက် အသက်အရွယ်ကြီး တဲ့သူတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ ပိုပြီးတော့ဂရုစိုက် သင့်ပါတယ်။ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါရှိတဲ့သူတွေလဲ ဂရုစိုက်ဖို့ လိုပါတယ်။ အထူးသဖြင့် လူထူထပ်တဲ့ နေရာတွေကိုသွားတာ ရှောင်သင့်ပါတယ်''ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဦးစီးမှူး ဒေါက်တာဝင်းလွင် ကပြောသည်။

ရာသီတုပ်ကွေးရောဂါ ((Seasonal Influenza A(H1N1)2009) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူလူထု အနေဖြင့်ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သော ရောဂါကြိုတင် ကာကွယ်ရေး နှိုးဆော်ချက်များကို လိုက်နာဆောင်ရွက် ကြရန်နှင့်တုပ်ကွေး ဆန်သော ရောဂါလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေး ဌာန၌ ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်းနှင့် ထိုမှသာ ရောဂါကို ထိထိရောက်ရောက် ကုသပေးနိုင်မည် ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

အဆိုပါရောဂါသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အိန္ဒိယ၊ ထိုင်းနှင့် မော်လ်ဒိုက် နိုင်ငံတို့၌လည်း ဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။ ရာသီတုပ်ကွေး ရောဂါပိုး (Seasonal Influenza A(H1N1)2009) အပါအဝင် ရာသီ တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံး လူဦးရေ၏ ငါးရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိ နှစ်စဉ်ဖြစ်ပွား လျက်ရှိပြီး ရောဂါဖြစ်ပွားသူများ၏ တစ်ရာခိုင်နှုန်း အောက်သာ သေဆုံးမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

#Themyawadydaily

No comments:

Post a Comment