Pages

Tuesday, July 25, 2017

ရှမ်းပြည်နယ် (မြောက်ပိုင်း) မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးတွင် ၂၂ဘီးယာဉ်နှင့် လူစီးယာဉ်ငယ်တို့တိုက်မိ တစ်ဦးဒဏ်ရာရ




မန္တလေး ၂၅-၇-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး ကျောက်မဲမြို့နယ် မွေတော်ကျေးရွာအနီး မိုင်တိုင် အမှတ် (၁ဝ၇/၇) နှင့် (၁ဝ၈/ဝ) ကြားတွင် ယနေ့နံနက် ၁ဝ နာရီ မိနစ် ၅ဝကယာဉ်တိုက်မှု ဖြစ်ပွား၍ လူတစ်ဦးကားတွင် ညပ်မိနေသဖြင့် ကူညီဆောင်ရွက်ပေးရန် တာဝန်သိပြည်သူ တစ်ဦးက ခရိုင်မီးသတ်တပ်ဖွဲ့ စခန်းသို့ ဖုန်းဆက် အကူအညီတောင်းခဲ့ရာ ကျောက်မဲခရိုင်မီးသတ် ဦးစီးအရာရှိ ဦးဇော်မင်းဦး ဦးစီး သော ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ မီးသတ်ယာဉ်တစ်စီးဖြင့် သွားရောက် အကူအညီပေးခဲ့ကြောင်း သိရသည်။

မန္တလေးမှ ကျောက်မဲဘက်သို့ ယာဉ်မောင်း မြင့်နိုင်ထွန်း မောင်းနှင်လာသော ၂၂ ဘီးယာဉ်အမှတ် TL/----- ယာဉ်သည် ယာဉ်ကြောမရှင်းဘဲ ကျော်တက် မောင်းနှင်ရာမှ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိ
သွားပြီး ၎င်းလမ်းအတိုင်း လားရှိုး မှမန္တလေးဘက်သို့ ယာဉ်မောင်း အောင်ဇော်ဦး မောင်းနှင်လာသော လူစီးယာဉ်ငယ်အမှတ် 5I/----- နှင့် တိုက်မိကာ လမ်းယာဘက်ခြမ်း ရေမြောင်းအတွင်းသို့ လွင့်စဉ်ပြုတ်ကျသဖြင့် ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာ များရရှိ၍ ကားအတွင်းညပ်မိ နေသောကြောင့် ခရိုင်မီးသတ် ဦးစီးအရာရှိနှင့် ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ယာဉ်အတွင်းမှ ခဲရာခဲဆစ် ထုတ်ယူကယ်တင် ခဲ့ရသည်။

ဒဏ်ရာရရှိသည့် လူနာကို ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ကျောက်မဲပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသ ပေးခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ မြင့်နိုင်ထွန်း ကို ကျောက်မဲရဲတပ်ဖွဲ့စခန်းက ယာဉ် (ပ) ၃၅/ ၂ဝ၁၇ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#yadanarpondaily

No comments:

Post a Comment