Pages

Monday, July 3, 2017

အင်းလေးဒေသရှိ ကြာချည်ဖြင့်ရက်လုပ်သည့် ကြာသင်္ကန်းများကို ပြည်တွင်းဈေးကွက်အပြင် ထိုင်းနိုင်ငံထိ ဈေးကွက်ထိုးဖောက်ရန် စီစဉ်လျက်ရှိ



ညောင်ရွှေ ၃-၇-၂၀၁၇

ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ကြာချည်ဖြင့် ရက်လုပ်ထားသည့် ကြာသင်္ကန်းများကို ပြည်တွင်းဈေးကွက်အပြင် ထိုင်းနိုင်ငံဈေးကွက်ထိပါ ထိုးဖောက်ရန်စီစဉ် လျက်ရှိကြောင်း ၎င်းဒေသတွင် ကြာသင်္ကန်းများ ရက်လုပ် ရောင်းချနေသည့် မြင့်မြတ်သွေး အထည်အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ အင်းလေးဒေသတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၁ဝဝ ကျော်ကတည်းက ကြာချည်ဖြင့် သင်္ကန်းရက်လုပ်မှုကို စတင်ရက်လုပ်ခဲ့ကြ သော်လည်း ၎င်းသင်္ကန်းများကို ဝယ်ယူမှုမရှိသလောက် နည်းပါးခဲ့ကြောင်း၊ ၎င်းကြာသင်္ကန်းများကို ရက်လုပ်ရာတွင် ရက်ပေါင်း၂ဝ ကျော်မှသာ ကြာသင်္ကန်းတစ်ထည် ခန့်သာရရှိသည့်အတွက် အချိန်ကြာမြင့်စွာပေး၍ ရက်လုပ်ရကြောင်း၊ ယခင်ကလူသိနည်းပါး ခြင်းကြောင့် ကြာသင်္ကန်းများမှာ ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်မှု မရှိသေးသော်လည်း ၁၉၉၈ ခုနှစ် နောက်ပိုင်းမှစတင်၍ ဈေးကွက်အတွင်း ထိုးဖောက်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာ ထွန်းကားရာနေရာဖြစ်သည့် အတွက်ကြာသင်္ကန်းများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ အော်ဒါမှာယူမှုများ ရှိသည့်အပြင် အလားတူဗုဒ္ဓဘာသာ ပြန့်ပွားရာ ပြည်ပနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ဈေးကွက် အတွင်းသို့ တင်ပို့နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

''ဈေးကွက်ထိုးဖောက် မယ်ဆိုရင်တော့ အခက်အခဲတွေ အများကြီးရှိတယ်။ ထိုင်းနိုင်ငံက အသုံးပြုနေတဲ့ သင်္ကန်းတွေရဲ့အနေအထားနဲ့ အခုတင်ပို့မယ့် ကြာသင်္ကန်းတွေရဲ့ အနေအထား အရည်အသွေးတွေကို သေချာဆန်းစစ် ပြီးမှတင်ပို့သွားမယ်။ အဓိကကတော့ ပို့ဆောင်ရေးအပိုင်းမှာ အခက်အခဲတွေတော့ ရှိနိုင်တယ်''ဟု ၎င်းက ပြောပြသည်။

အဆိုပါ အင်းလေးဒေသမှ ထွက်ရှိသည့် ကြာသင်္ကန်းများကို အဆင့် ၁၂ ဆင့်ဖြင့် ပြုလုပ်ရပြီး အကြမ်းထည် ကြာသင်္ကန်း တစ်ထည်လျှင် ငွေကျပ် ၁၈သိန်း၊ အချောထည်ကြာသင်္ကန်း တစ်ထည်လျှင် ငွေကျပ် သိန်း၂ဝထိ ပေါက်ဈေးရှိကြောင်း၊ ကြာသင်္ကန်းတစ်စုံ ရရှိနိုင်ရန်အတွက် ကြာသုံးပိဿာကျော်နှင့် ချည်နှစ်ပိဿာခွဲကျော်ဖြင့် ရက်လုပ်ရကြောင်း သိရသည်။

ထိုကြာချည်ဖြင့် ရက်လုပ်ထားသည့် ကြာသင်္ကန်းများမှာ ကျန်းမာရေးနှင့် ညီညွတ်မှုရှိသည့် အပြင်တင်းတိပ်၊ ဝက်ခြံစသည့် ကျန်းမာရေးပြဿနာများကို ဖြေလျှော့ပေးနိုင်ကြောင်း၊ ယခုလက်ရှိအချိန်တွင် စင်ကာပူနိုင်ငံမှ အော်ဒါမှာ ယူမှုများရှိကြောင်း၊ နောက်ပိုင်းတွင် ထိုင်းနိုင်ငံထိ ဈေးကွက်ထိုးဖောက်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောပြသည်။

အင်းလေးဒေသတွင် ကြာသင်္ကန်း ရက်လုပ်ရောင်းချနေသည့် ဆိုင်ပေါင်း ၁ဝဆိုင်ကျော်ရှိပြီး ခရီးသွားရာသီ ကာလများဖြစ်သည့် အောက်တိုဘာလမှစ၍ ဇန်နဝါရီလခန့်ထိ နိုင်ငံခြားသားခရီးသွား ဧည့်သည်များ စိတ်ဝင်တစားလာရောက်လည်ပတ်မှုများရှိပြီး ဝယ်ယူ သူများလည်းရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment