Pages

Thursday, June 8, 2017

ပျောက်ဆုံးနေသည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် အစိတ်အပိုင်းနှင့် ရုပ်အလောင်းအချို့ စတင်တွေ့ရှိ












နေပြည်တော်  ၈-၆-၂၀၁၇

ဇွန် ၇ ရက်မွန်းလွဲပိုင်းတွင် အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အား တပ်မတော် (ရေ)မှ စစ်ရေယာဉ်များ၊ တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ၊ မြေပြင်တပ်များက ဒေသခံပြည်သူများ၊ ဒေသခံရေယာဉ်များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၈ နာရီ ၁၈ မိနစ်တွင် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်၏ အစိတ်အပိုင်း အချို့နှင့်ရုပ်အလောင်း အချို့အား ကျောက်နီမော် ကျေးရွာ၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင်အတွင်း စတင်ရှာဖွေတွေ့ရှိခဲ့သည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေသည့် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီးက အဆိုပါနေရာတွင် လေယာဉ်ဘီးဟုယူဆရသည့် တာယာကွင်းတစ်ခု၊ အမျိုးသားရုပ်အလောင်း တစ်လောင်း၊ အမျိုးသမီးရုပ် အလောင်းတစ်လောင်း၊ ကလေးရုပ်အလောင်း တစ်လောင်းနှင့် အသက်ကယ်အင်္ကျီ ၂ ထည်၊ အ၀တ်အစားထည့်သည့် အိတ်အချို့အား ဆယ်ယူရရှိခဲ့သည်။

ယနေ့နံနက် ၁၁ နာရီခန့်တွင် ယင်းနေရာတစ်ဝိုက်၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ၀ိုင်းဝန်းကူညီ လုပ်ဆောင်နေသည့် ဒေသခံငါးဖမ်းစက်လှေများ ကလည်း ရုပ်အလောင်း ၇ လောင်းကို ဆယ်ယူရရှိပြီး တပ်မတော်စစ်ရေ ယာဉ်များထံသို့ လာရောက်ပို့ဆောင် ပေးလျက်ရှိသည်။

ယခုအချိန်ထိ အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီးရုပ် အလောင်း ၅ လောင်းနှင့် ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်း ရုပ်အလောင်း ၁၀ လောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဒေသခံများနှင့်အတူ ပူးပေါင်းကာ ဆက်လက်ရှာဖွေ လုပ်ဆောင်လျက်ရှိသည်။

ထို့အတူ တပ်မတော် (လေ)မှ ကင်းထောက်လေယာဉ် တစ်စီးကလည်း ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၆ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် လေယာဉ်ဆီကွက်များ တွေ့ရှိရသဖြင့် တပ်မတော် (ရေ)မှ စစ်ရေယာဉ်များက အဆိုပါနေရာသို့သွား ရောက်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment