Pages

Friday, June 30, 2017

ထိုင်းအစိုးရ၏ ဥပဒေသစ်ကြောင့် မြန်မာအလုပ်သမားဦးရေ ၃ဝဝဝ ကျော်ပြည်တွင်းသို့ မြဝတီမြို့မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာ



မြ၀တီ ၃၀-၆-၂၀၁၇

ထိုင်းအစိုးရ၏ ဥပဒေသစ်ကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားဦးရေ ၃ဝဝဝ ကျော်သည် ယနေ့ နံနက် ၈ နာရီမှစတင်ကာ မြန်မာနိုင်ငံသို့ ကရင်ပြည်နယ် မြဝတီမြို့ ၉၉၉ ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက် လာကြောင်း သိရသည်။

ထိုင်းအစိုးရက ယခုနှစ်အလုပ်ရှင်နှင့် အလုပ်သမားများ ဥပဒေအသစ် (၈) ချက် ထုတ်ပြန်လိုက်ပြီး အဆိုပါဥပဒေ၌ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားများအတွက် တားမြစ်ထားသော အလုပ်နှင့်အလုပ်လုပ်ကိုင်ခွင့် ပါမစ်မရှိသော အလုပ်သမားများကို လက်ခံထားသည့် အလုပ်ရှင်သည် အလုပ်သမား တစ်ဦးစာအတွက် ဘတ်ငွေလေးသိန်းမှ ရှစ်သိန်းထိ ဒဏ်ငွေပေးဆောင်ရန် ထုတ်ပြန်လိုက်ခြင်းကြောင့် ယခုကဲ့သို့ ပြန်လည် ဝင်ရောက် လာခြင်း ဖြစ်သည်။

''အလုပ်ရှင်သူဌေးတွေ ကိုယ်တိုင်က ပြန်ခိုင်းတာပါ။ ပြန်လာတဲ့အခါ ဒီအတိုင်းပြန်လို့မရဘူး။ သက်ဆိုင်ရာပွဲစားက ခေါ်လာပြီး ထိုင်းပုလိပ်ရုံးမှာ အဖမ်းခံတဲ့ပုံစံမျိုး လုပ်ရတယ်။ အဲဒီပုလိပ်ရုံးမှာ အဖမ်းခံရကြောင်း သက်သေခံတွေ လုပ်ပြီးမှ ကားတွေနဲ့ မဲဆောက်ကိုပို့ပေးတယ်။

မဲဆောက်ကမှတစ်ဆင့် ထိုင်းဘက်ခြမ်း သောင်ရင်းမြစ် စက်လှေဂိတ်ကို ပို့ပေးပါတယ်။ ထိုင်းဘက်ကမ်းက တစ်ဆင့် အခု မြန်မာဘက်ခြမ်း ၉၉၉ ဂိတ် ကိုပို့ပေးတာပါ။ ဒီအရောက် တစ်ဦးကိုထိုင်းဘတ်ငွေ ၃၅ဝဝ ပေးရပါတယ်'' ဟု နေရပ်ပြန်အလုပ် သမားတစ်ဦးက ပြောပြသည်။

ပြန်လည်ဝင်ရောက် လာသည့် မြန်မာအလုပ်သမားဦးရေမှာ ယနေ့ညနေ ၅ နာရီခန့်ထိ စာရင်းများအရ အမျိုးသား ၁၃ဝ၂ဦး၊ အမျိုးသမီး ၁၈၆၅ဦး၊ စုစုပေါင်း ၃၁၆၇ဦး ခန့်ရှိပြီး ၎င်းတို့ကို မြဝတီမြို့ရှိ လူမှုရေး အသင်းအဖွဲ့များ၊ပရဟိတအဖွဲ့များက ကူညီပေးနေကြောင်း သိရသည်။

ပြန်လည်ရောက်ရှိ လာသူများကို ပြည်နယ်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် ကြိုဆိုနေရာချထားရေး၊ ချက်ပြုတ်ကျွေးမွေးရေး၊ နေရပ်ပြန်လည် ပို့ဆောင်ပေးရေးတို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်သော်လည်း ပြန်လည်ရောက်ရှိ လာသူများက လက်မခံခဲ့ကြောင်း မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိုက်စိုးမိုးက ပြောပြသည်။

ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးအောင်နိုင်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြိုဆိုခဲ့ပြီး လိုအပ်သည့် အကူအညီများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment