Pages

Wednesday, May 17, 2017

နိုင်ငံခြားခရီးသွား ဧည့်သည်များထံမှ ရရှိသော ပုဂံဇုန်ဝင်ကြေးများ အနက်မှ ၄ ရာခိုင်နှုန်းဖြင့် လမ်းများစတင်ပြုပြင်



ညောင်ဦး ၁၇-၅-၂၀၁၇

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ဧည့်သည်များထံမှ ကောက်ခံရရှိသည့် ဇုန်ဝင်ကြေးများအနက် ၄ ရာခိုင်နှုန်းကို ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ဘုရားများသို့ သွားရောက်ရာ လမ်းများကို စတင်ပြုပြင် နေပြီဖြစ်ကြောင်း ပုဂံဒေသ တိုးတက်ဖွံ့ဖြိုးရေး အသင်းမှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက်သည့် နိုင်ငံခြားခရီးသွား ဧည့်သည်များ ထံမှရရှိသည့် ဇုန်ဝင်ကြေးများထဲမှ ၄ ရာခိုင်နှုန်းကို ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတိုးတက်ရေး အတွက် အသုံးပြုနိုင်ပြီးလက်ရှိတွင် ငွေကျပ် သိန်း ၅ဝဝ ခန့် ရရှိထားကာ အဆိုပါငွေများထဲမှ ၅ဝ ရာခိုင်နှုန်းကို ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ လမ်းများအတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်သည့်တစ်ဝက်ကို ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ သဘာဝပတ်ဝန်းကျင် အတွက် အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

''ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ တိုးတက်ရေးအတွက် ရရှိထားတဲ့ ငွေထဲကနေ ဘုရားလမ်း တွေပြုပြင်တာ ၊ အဆင့်မြှင့်တင် တာတွေလုပ်ဖို့ လိုပါတယ်။ လမ်းတွေ မကောင်းတဲ့အတွက် တချို့ဘုရားတွေကို ခရီးသွားတွေ မရောက်ဖြစ်ကြဘူး။ အခုဒီလမ်းတွေကို ပြင်ဖို့လုပ်မယ်။ လက်ရှိမှာ မင်္ဂလာစေတီဘုရား နားကလမ်းကို အဆင့်မြှင့်တင်နေပါတယ် ''ဟု ပုဂံဒေသတိုးတက် ဖွံ့ဖြိုးရေး အသင်းမှ တာဝန်ရှိသူတစ် ဦးကပြောသည်။

နိုင်ငံခြားခရီးသွား ဧည့်သည်များထံမှ ကောက်ခံရရှိသည့် ဇုန်ဝင်ကြေးများထဲမှ ၉ဝ ရာခိုင်နှုန်းကို နိုင်ငံတော်ကရရှိပြီး ၆ ရာခိုင်နှုန်းကို ခရီးသွားလာမှု ဖွံ့ဖြိုးရေးအတွက် အသုံးပြုကာ ကျန်သည့် ၄ ရာခိုင်နှုန်းကို ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဖွံ့ဖြိုးရေး အတွက်အသုံးပြု နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

#Themyawadydaily

No comments:

Post a Comment