Pages

Thursday, May 11, 2017

ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင်နေပြည်တော်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ပွားများ သူများဖြင့်စည်ကား


ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်များတွင် ကဆုန်ညောင်ရေသွန်းလောင်း ကြသူများဖြင့် စည်ကားလျက် ရှိသည်ကို တွေ့ရစဉ်။


နေပြည်တော်ရှိ သတ္တသတ္တာဟမဟာ ဗောဓိစေတီတော်၌ ဘုရားဖူးလာပြည်သူများ ဖြင့်စည်ကားလျက်ရှိသည်ကို တွေ့ရစဉ်။

နေပြည်တော် ၁၁-၅-၂၀၁၇

မြန်မာတို့၏ ဆယ့်နှစ်လရာသီ များအနက် ဒုတိယမြောက်လ ဖြစ်သည့် ကဆုန်လတွင် ဘုရားအလောင်းတော် သုမေဓာရှင် ရသေ့သည် ဒီပင်္ကရာ ဘုရားရှင်ထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်ခံယူခြင်း၊ ဂေါတမ ဗုဒ္ဓဖြစ်လာမည့် ဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း၊ သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း၊ ဘုရားအလောင်းတော် နှင့်အတူ ဖွားဖက်တော် ဗောဓိပင်ပေါက်ရောက် တော်မူခြင်း၊ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း အကြောင်း ငါးပါးတို့ ပေါင်းစုံဖြစ်တည်သော ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် တို့အတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ် ဖြစ်သည်။

သာသနာတော်နှစ် ၂၅၆၁ ပြည့်နှစ်၊ မြန်မာ သက္ကရာဇ် ၁၃၇၉ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်များအား နဝမအကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ သာသနာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) သူရမြင့်မောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများနှင့် ဝတ်ရွတ်အသင်းများက ဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

အလားတူ နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ သတ္တသတ္တာဟ၊ သံဝေဇနိယလေးဌာန၊ ဓာတုစယ (ဓာတ်ပေါင်းစု) စေတီ၊ ဆုတောင်းပြည့် လောကမာရဇိန်စေတီ၊ ပျဉ်းမနားမြို့ရှိ ကိုးနဝင်းဆုတောင်း ပြည့်စေတီ၊ ရန်အောင်မြင်ရွှေလက်လှစေတီ၊ လယ်ဝေးမြို့နယ်ရှိ ဖောင်တော်ချက်မစေတီ စသည့်တန်ခိုး ကြီးဘုရား၊ စေတီ၊ ပုထိုးများနှင့်မြို့ပေါ်ရပ်ကွက်ရှိ ဘုရား၊ စေတီ၊ ပုထိုး၊ ကျောင်းကန်များတွင် ဥပုသ်သီလ ဆောက်တည် ကြသူများ၊ တရားဘာဝနာပွားများ အားထုတ်ကြသူများ၊ ကုသိုလ်ပြုကြသူများနှင့် ကဆုန်ညောင်ရေ သွန်းလောင်း ကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment