Pages

Friday, May 26, 2017

ကျောက်ဖြူတွင် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မြို့နယ်စည်ပင်ပိုင်မြေ ရွေပန်းထိမ် အတန်းရှိ ဆိုင်ခန်း (၂) ခန်း မီးလောင်ပျက်စီး



ကျောက်ဖြူ ၂၆-၅-၂၀၁၇

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ မြို့နယ်စည်ပင်ပိုင်မြေ ရွေပန်းထိမ်ဆိုင်တန်းအတွင်း မေ ၂၅ ရက် နံနက်(၂း၁၅) နာရီအချိန်တွင် အပူချိန်လွန်ကဲကာ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ တစ်ဆင့် ဆိုင်ခန်း (၂) ခန်း မီးလောင် ဆုံးရှုံး ခဲ့ကြောင်း ကျောက်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ ရွေပန်းထိမ်ဆိုင်တန်းရှိ မြို့နယ်စည်ပင်မှ ဆောက်လုပ်ငှားရမ်းထားသည့် ဆိုင်ခန်းအရေအတွက် (၂၅) ခန်းရှိပြီး ဦးဇော်မင်းကြည်မှ တီဗွီနှင့် လျှပ်စစ်ပစ္စည်း ငှားရမ်းပြုပြင်လုပ်ကိုင်သည့် ဆိုင်ခန်း အခန်း နံပါတ် (၁၆)မှ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ ဆိုင်ခန်း (၁၇)သို့ ကူစက်လောင်ကျွမ်းခြင်းဖြစ်ပြီး ဆိုင်ခန်း (၂) ခန်းပေါင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် (၆) သိန်း (၁) သောင်း ဝန်းကျင်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနမှ သိရသည်။ 

”ဆိုင်ခန်း(၁၆) မှ တီဗွီ၊ အောက်စက် ပြုပြင်ဆိုင်က ဖလပ်ပြားတွေကို မီးကျရာက တစ်ဆင့် လောင်ကျွမ်း သွားတယ်လို့ ပြောနိုင်တယ်။ လောင်ကျွမ်းသွားတယ်ဆိုတာကလည်း များများစားစားတော့မဟုတ်ဘူး။ ဆိုင်ခန်းတွင်းမှာ တီဗွီ၊ လျှပ်စစ်ပြုပြင်တဲ့ ပစ္စည်းတွေပဲ အဓိကလောင်ကျွမ်းသွားတာပါ။ အစ်ကိုတို့ မီးသတ် ဦးစီးကို အကြောင်းကြားပြီး ချက်ချင်းဆိုသလိုပဲ မြို့နယ်မီးသတ်က မီးသတ်ကား (၂) စီးနဲ့ မီးငြှိမ်းသတ် နိုင်ခဲ့ပါတယ်။”ဟု ကျောက်ဖြူ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံ ဦးညီညီလွင်ကပြောသည်။

မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် ဦးဇော်မင်းကြည်၏ ဆိုင်ခန်းမှာ အလျား(၁၂) ပေ၊ အနံ (၈) ပေရှိ အုတ်ကြွမိုး၊ အုတ်ကာ၊ အုတ်ခင်းဆိုင်ခန်းအမျိုးအစားဖြစ်ပြီး မီးလောင်စဉ် ပြုပြင်ရန် အပ်နှံထားသည့် တီဗွီနှင့်လျှပ်စစ်များ ဆုံးရှုံးသွားကြောင်း ဦးဇော်မင်းကြည်ထံမှ သိရသည်။ကျောက်ဖြူမြို့တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ ယခုမီးလောင်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ (၂၂)ရက်နေ့ကလည်း မြို့လယ်နာရီစင်အနီးရှိ နေအိမ်(၂)လုံးမီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သေးကြောင်း ကျောက်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဇော်မင်းကြည် အသက် (၃၂) နှစ်အား ကျောက်ဖြူမြို့မ ရဲစခန်းမှ (ပ)၉၆၂/၂၀၁၇/၂၈၅ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment