Pages

Wednesday, May 17, 2017

အရောင်းပြခန်းများ၌ ဆိုင်ကယ်တစ်စီး ရောင်းချတိုင်း ဆိုင်ကယ်စီးဦးထုပ် နှစ်လုံး တစ်ပါတည်း ထည့်သွင်းပေးရေး စီစဉ်နေ



ရန်ကုန် ၁၇-၅-၂၀၁၇

မြန်မာနိုင်ငံအတွင်း ဆိုင်ကယ်စီးနင်းသူများ ယာဉ်မတော်တဆမှု ဖြစ်ပွားပါက ကာကွယ်နိုင်ရန် ဆိုင်ကယ်အရောင်း ပြခန်းများ၌ ဆိုင်ကယ်တစ်စီး ရောင်းချတိုင်း ဆိုင်ကယ်စီးဦးထုပ်နှစ်လုံး တစ်ပါတည်းထည့် သွင်းပေးရေး ညွှန်ကြားချက် တစ်ခုထုတ်ပြန်နိုင်ရန် စီစဉ်လျက်ရှိကြောင်း အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ (NRSC)မှ သိရသည်။

အဆိုပါ ညွှန်ကြားချက်အား ထုတ်ပြန်ပေးရန် NRSC က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံ တင်ပြထားသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးများအနေဖြင့် သက်ဆိုင်ရာဒေသ အတွင်း မော်တော်ဆိုင်ကယ် အရောင်းဆိုင် များနှင့်ညှိနှိုင်းကာ ဆိုင်ကယ်ရောင်းချသည့် အချိန်များတွင် ဆိုင်ကယ်စီးဦးထုပ် အခမဲ့ဖြန့်ဝေရေး အတွက် အကောင်အထည်ဖော် လျက်ရှိသည်။ မြန်မာနိုင်ငံ၌ ယာဉ်မတော် တဆမှုလျော့ကျ စေရန် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေ သော်လည်း ယခုအချိန်ထိ သိသိသာသာ ကျဆင်းခြင်းမရှိ သေးကြောင်း၊ ယာဉ်အစီးရေ များပြားလာသည် နှင့်အမျှ မတော်တဆမှု များပြားလာကြောင်း သိရသည်။

ယခုနောက်ပိုင်း နှစ်များအတွင်း ကျေးလက်ဒေသများ၌ မော်တော်ဆိုင်ကယ် စီးနင်းသူ များပြားနေပြီး အဓိကအားဖြင့် စီးနင်းသူ အများစုသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိမှု အားနည်းကြောင်း၊ ယင်းအတွက်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ အသိပညာပေးသည့် လုပ်ငန်းများကို မြို့နယ်များ သာမက ကျေးလက်နေ ပြည်သူများပါ နားလည်ပြီး ပူးပေါင်းပါဝင် လာရန် ဝေးလံသော ကျေးလက်ဒေသ များသို့ သွားရောက်ကာ အသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment