Pages

Friday, April 7, 2017

ဆီးရီးယားငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အဟန့်အတားဖြစ်စေရန် ရည်ရွယ်သည့် အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှု



( သင်းအောင် ဘာသာပြန်သည်။ )

ဆီးရီးယားနိုင်ငံ အိုင်းဒလစ်မြို့အနီးရှိ ခန်းရှိတ်ခေါင်မြို့ ၌ ယခုရက်သတ္တပတ် အတွင်းက ဖြစ်ပွားသည့် အဆိပ်ဓာတ်ငွေ့ ဖြင့်တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ လက်ရှိတွင် အမျိုးမျိုးသုံးသပ် ထားသည့် ပြောဆိုမှုများ ထွက်ပေါ်လျက် ရှိသည်။

ယင်းမြို့၏ ပိုင်နက် အတော်များများကို သမ္မတ ဘာရှာအယ်လ် အာဆတ် အစိုးရ၏ တပ်များအား တိုက်ခိုက်နေသည့် အတိုက်အခံ သူပုန်များက ထိန်းချုပ်ထားသည်။ ထို့ကြောင့် ရုတ်တရက် တွေးကြည့်မည် ဆိုပါက ယင်းမြို့ အပေါ်သို့ စစ်လေယာဉ်များဖြင့် အဆိပ်ဓာတ်ငွေ့များကို လေကြောင်းမှကြဲ၍ တိုက်ခိုက်လိုက်ခြင်း သည် အစိုးရတပ်များ၏ လက်ချက်ဖြစ်သည် ဟု ဆိုနိုင်မည်ဖြစ်သည်။ သို့သော် အဆိုပါ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ချင့်ချိန်စရာ အကြောင်းအရာများ ရှိနေသည်။

တိုက်ခိုက်မှုအတွင်း လူ ၈ဝ ဦးခန့်သေဆုံးပြီး ၂ဝဝ ဦးခန့် ဒဏ်ရာရရှိသည်။ အဆိုပါဓာတ်ငွေ့ တိုက်ခိုက်မှုသည် ဆီးရီးယားအစိုးရ၏ လက်ချက်ဖြစ်သည် ဟု အနောက်နိုင်ငံများက စွပ်စွဲထားပြီး ယင်း တိုက်ခိုက်မှု ကြောင့် မကြာမီက ပြောင်းလဲပစ် လိုက်သည့် အမေရိကန် ပြည်ထောင်စု၏ အာဆတ် ဖြုတ်ချရေးမူဝါဒ အပေါ်သို့ပါ အကျိုးသက်ရောက် စေခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဆိုထားသည်။

တခြားတစ်ဖက်တွင် ဓာတ်ငွေ့တိုက်ခိုက် မှုမှာ ဆီးရီးယားအစိုးရ၏ လက်ချက် မဟုတ်ဘဲ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အတိုက်အခံသူပုန် အဖွဲ့၏ ဂိုဒေါင်အတွင်း သိုလှောင်ထားသည့် ဓာတုဓာတ်ငွေ့များ ပေါက်ကွဲခြင်းသာ ဖြစ်သည်ဟု ရုရှားက ထောက်ပြထားသည်။

ယင်း တိုက်ခိုက်မှုသည် တားမြစ်ထားသည့် ဓာတု အဆိပ်ဓာတ်ငွေ့ များကို လက်နက်အဖြစ် အသုံးပြုခဲ့ ခြင်းကြောင့် တရားခံကို တိတိကျကျ ဖော်ထုတ်ရန် လိုအပ်သည်ဟု ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် စတီဖန်ဒီမစ်တူရာ က ပြောကြားထားပြီး ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန် အစိုးရတို့က ဆီးရီးယားနိုင်ငံ အပေါ် အပြစ်ပုံချ၍ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် တစ်ရပ် ထုတ်ပြန်ကာ စုံစမ်းစစ်ဆေးမှုကို အလျင်အမြန် ပြုလုပ်ရန် တောင်းဆို ထားသည်။

ဤနေရာတွင် မေးစရာမေးခွန်း တစ်ရပ် ထွက်ပေါ်လာသည်။ ယင်းမေးခွန်းမှာ တခြားမဟုတ်။ ဆီးရီးယား အစိုးရက မည်သည့် အတွက်ကြောင့် အဆိပ်ဓာတ်ငွေ့ ဖြင့် တိုက်ခိုက်ရသလဲ ဟူ၍ပင် ဖြစ်သည်။ ဆီးရီးယားအစိုးရ တပ်များသည် အကြမ်းဖက် အဖွဲ့ပေါင်း များစွာ၏ တိုက်ခိုက်မှု ဒဏ်ကို တွန်းလှန်နေရသည့် အပြင် အစိုးရကို ဖြုတ်ချရန် လက်နက်စွဲကိုင် တိုက်ခိုက်နေသည့် သူပုန်များနှင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေသည့် ယခုအချိန်တွင် ဓာတု အဆိပ်ဓာတ်ငွေ့ ကို အသုံးပြု တိုက်ခိုက်မည် ဆိုပါက အမှားကြီး မှားလိမ့်မည် ဖြစ်သည်။ သို့သော် အိုင်းဒလစ်မြို့ အနီးသို့ လေကြောင်းမှ အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခြင်းသည် ဆီးရီးယား အစိုးရ၏ အဓိကဦးစားပေး လုပ်ငန်းစဉ် မဟုတ်ပေ။ အကြောင်းမှာ အာဆတ် အစိုးရ၏ အဓိက လုပ်ငန်းစဉ်မှာ ပြည်တွင်းစစ်ဒဏ်နှင့် စစ်သွေးကြွ အဖွဲ့များ၏ တိုက်ခိုက်မှုကို မချိမဆံ့ခံ နေရသည့် ဆီးရီးယားနိုင်ငံ အတွင်း ငြိမ်းချမ်းရေး ပြန်လည် ထူထောင်နိုင်ရေး အတွက် နိုင်ငံရေးအရ ဖြေရှင်းရန်ပင် ဖြစ်ကြောင်း ဆီးရီးယား သို့ လျှို့ဝှက် သွားရောက်၍ အာဆတ်နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည့် အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ် တူလ်ဆီဂက်ဘာ့ဂ် ၏ အလည်အပတ် ခရီးက သက်သေခံ လျက်ရှိသည်။

ဂက်ဘာ့ဂ်သည် ၄င်း၏ ခရီးစဉ်အတွင်း ဆီးရီးယား သမ္မတ အာဆတ် နှင့်တွေ့ဆုံကာ အကယ်၍ သမ္မတထရမ့်က တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောဆို ဆွေးနွေးမည် ဆိုပါက လက်သင့်ခံမည် ဟုတ်၊ မဟုတ်ဟု အာဆတ်၏ သဘောထားကို မေးမြန်းရာတွင် အာဆတ်က လက်ခံမည်ဟု ချက်ချင်းဖြေကြား လိုက်သည့် အပြင် ၄င်းအား တိုက်ရိုက် ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ် ကိုပင် ပေးအပ်ခဲ့သည်။ အလားတူ ၄င်းအနေဖြင့် အလက်ပို မြို့သို့ သွားရောက် လည်ပတ်ခြင်းကို အာဆတ် က ခွင့်ပြု၊ မပြု ဟူသော တောင်းဆိုချက်ကို အာဆတ်က လိုက်လျောခဲ့သည်။

၎င်းတို့၏ လျှို့ဝှက် တွေ့ဆုံသည့် အကြောင်းကို လက်ဘနွန် နိုင်ငံထုတ် သတင်းစာကြီး တစ်စောင်က ဖော်ပြထားသည်။ အဆိုပါ အကြောင်းအရာ များသည် ဆီးရီးယား အစိုးရအပေါ် ပြောင်းလဲလာသည့် အမေရိကန်၏ ရပ်တည်ချက် သဘောထားကို ဖွင့်လှစ်ပြသ နေခြင်းဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ အရေးကြီးလှသည့် အချိန်တွင် အိုင်းဒလစ်မြို့ အနီးသို့ လေကြောင်းမှ အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက် လိုက်ခြင်းသည် အာဆတ်အစိုးရ၏ ကြိုးပမ်းမှု အားလုံးမှာ သဲထဲရေသွန် သလိုဖြစ်စေမည့် အပြင် နိုင်ငံအတွင်း ပြည်ပနိုင်ငံများက စစ်ရေးအရ ကြားဝင်စွက်ဖက် လာစေရန် လမ်းဖွင့်ပေး သကဲ့သို့ ဖြစ်လာမည် ဖြစ်သည်။

ထို့ပြင် ဆီးရီးယား အစိုးရတပ် များသည် နိုင်ငံအလယ်ပိုင်းရှိ ဟာမာပြည်နယ် ကဲ့သို့သော အဓိကအရေးပါသည့် နယ်မြေများနှင့် ဒမတ်စကပ်မြို့ ဆင်ခြေဖုံးရှိ ဒေသများကိုပါ ပြန်လည်သိမ်းပိုက် ထားနိုင်ပြီ ဖြစ်သောကြောင့် သူပုန်များနှင့် ဒေသခံ အရပ်သားများ အပေါ် အဆိပ်ဓာတ်ငွေ့ကို အသုံးပြု၍ လေကြောင်းမှ တိုက်ခိုက်ရန် မလိုအပ်ဟု သုံးသပ်သူ တချို့က ကောက်ချက်ချ ထားသည်။

ထို့ပြင် ခန်းရှိတ်ခေါင်မြို့ ပေါ်သို့ ကြဲချသည် ဟူသော အဆိပ်ဓာတ်ငွေ့မျိုးကို ပိုင်ဆိုင်ထားခြင်း မရှိဟု ဆီးရီးယားက တုံ့ပြန် ပြောကြားထားပြီး ၄င်းတို့အနေဖြင့် ဓာတုလက်နက် အသုံးပြုမှု ပိတ်ပင် တားဆီးရေး အဖွဲ့ (OPCW) သို့ ပေးအပ်ထားသည့် ကတိကဝတ်ကို လေးစားလိုက်နာ ကြောင်း ဆီးရီးယား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဖာအီဆယ်လ်မေဒက် ကပြောသည်။ ဤနေရာတွင် သတိပြုစရာ တစ်ချက်မှာ အဆိပ်ဓာတ်ငွေ့ တိုက်ခိုက်မှုသည် ဆီးရီးယားအစိုးရ၏ လက်ချက်ဟု အပြစ်ပုံချ နိုင်မည်ဆိုပါက အနာဂတ်တွင် ကျင်းပမည့် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်တန့် သွားမည်ဖြစ်ပြီး ဆီးရီးယားအစိုးရ အပေါ် ထားရှိသည့် နိုင်ငံတကာ၏ သဘောထား ကိုပါ ပြောင်းပြန်လှန်ပစ် နိုင်သည့် အချက်အား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အထမြောက် အောင်မြင်မည်ကို စိုးရိမ်နေသည့် အဖွဲ့အစည်းများက ကောင်းစွာ သဘောထားခြင်း ဖြစ်သည်ဟူသော အချက်ပင် ဖြစ်သည်။

OPCW အဖွဲ့သည် ဆီးရီးယားနိုင်ငံ အတွင်းသို့ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ က လာရောက်၍ ဆီးရီးယားအစိုးရက လုပ်ဆောင်နေသည့် ဓာတုလက်နက်များ ဖျက်သိမ်းခြင်း အစီအစဉ်များကို စစ်ဆေးခဲ့သည်။ ယင်းအချိန်တွင် ဆီးရီးယားနိုင်ငံ သည် OPCW အဖွဲ့ဝင်တစ်နိုင်ငံ အဖြစ် ပါဝင်လာခဲ့ပြီ ဖြစ်သည်။ နောက်ပိုင်းတွင် ဆီးရီးယား အစိုးရသည် ၄င်းတို့၏ ဓာတုလက်နက် စက်ရုံများကို လည်ပတ်မှု မရှိစေရန် လုပ်ဆောင်ပြီး ဖြစ်သည်ဟု OPCW အဖွဲ့က ထောက်ခံပြောကြား ထားသည်။

ဧပြီ ၄ ရက်က ဖြစ်ပွားသည့် အဆိုပါ တိုက်ခိုက်မှုတွင် ဆီးရီးယား အစိုးရတပ်များသည် အဆိပ်ဓာတ်ငွေ့ များကို အသုံးပြုခြင်း မရှိသော်လည်း လေကြောင်းမှ တိုက်ခိုက်သည် ဟူသောအချက်ကို ငြင်းဆိုထားခြင်း မရှိပေ။ အစိုးရတပ် များသည် သူပုန်အဖွဲ့၏ ထိန်းချုပ်မှုအောက်ရှိ လက်နက် သိုလှောင်ရုံကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။ ယင်းလက်နက် သိုလှောင်ရုံ၌ အဆိပ်အတောက် ဖြစ်စေသည့် ဗုံးများပြုလုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများ ကို သိုလှောင်ထား သည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် အီဂေါကိုနာရှန်ကော့ဗ် က ထောက်ပြထားသည်။ အဆိုပါလက်နက် သိုလှောင်ရုံကို အဆိပ်ဓာတ်ငွေ့ ထည့်သွင်းထားသည့် အမြောက်ဆန်များ သိုလှောင်ရာ နေရာနှင့် ယင်း အမြောက်ဆန်များ ထုတ်လုပ်ရာ စက်ရုံအဖြစ် အသုံးပြုလေ့ ရှိပြီး အမြောက်ဆန်များကို အီရတ်ရှိ စစ်သွေးကြွ များထံသို့ ပေးပို့ခဲ့ကြ သည်ဟု ကိုနာရှန်ကော့ဗ် ကဆိုသည်။ ထို့ပြင် အီရတ်ရှိ စစ်သွေးကြွများက အဆိုပါ အမြောက်ဆန်များကို ထပ်ခါတလဲလဲ အသုံးပြု၍ တိုက်ခိုက်နေ သည်ကို နိုင်ငံတကာ အသိုက်အဝန်းနှင့် အီရတ်အစိုးရကပါ အသိအမှတ်ပြု ထောက်ခံ ထားသည်။

အချုပ်အားဖြင့် ဆိုရပါမူ ဆီးရီးယားနိုင်ငံ အတွင်း အဆိပ်ဓာတ်ငွေ့ကို အသုံးပြု၍ တိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းပင် ဖြစ်သောကြောင့် ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးရန် တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်ပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေး တစ်ရပ်ကျင်းပ ခဲ့ရသည်။ ယင်းတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ မည်သူ့တွင် တာဝန်ရှိသည်ကို စုံစမ်းဖော်ထုတ် ကြတော့မည် ဖြစ်သည်။ သို့ရာတွင် ထိုသို့စုံစမ်း ဖော်ထုတ်ရာ၌ အင်အားကြီးနိုင်ငံ များအနေဖြင့် အဘက်ဘက်မှ တွေးတောဆင်ခြင် ၍ ဆုံးဖြတ်နိုင်မှ သာလျှင် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် တရားခံအား ဖော်ထုတ်နိုင်မည် ဖြစ်ပြီး ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ကိုပါ အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment