Pages

Friday, April 7, 2017

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘိလပ်မြေစက်ရုံများတွင် အခိုးအငွေ့တိုင်းကိရိယာနှင့် ပြင်ပလေထုတိုင်းကိရိယာများ တပ်ဆင်ထားရမည်



မန္တလေး ၇-၄-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဘိလပ်မြေ စက်ရုံများ အနေဖြင့် မီးခိုးခေါင်းတိုင်မှ ထွက်ရှိသော အခိုးအငွေ့များကို တိုင်းတာသည့် ကိရိယာနှင့် စက်ရုံဝန်းကျင်ရှိ ပြင်ပလေထု အရည်အသွေးကို တိုင်းတာသော ကိရိယာများ တပ်ဆင်ထားရမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးက ညွှန်ကြားထားကြောင်း မန္တလေးတိုင်း ဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးသန့်ဇင်ထွန်းက ပြောပြသည်။

''ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်း လောက်တုန်းက သွားရောက် စစ်ဆေးမှုတွေ လုပ်ခဲ့တဲ့အခါမှာ ဘိလပ်မြေ စက်ရုံတွေရဲ့ စက်ရုံဝန်းကျင် ပြင်ပလေထု အရည်အသွေးက ကျွန်တော်တို့ သတ်မှတ်ထားတာ ထက်များနေ တာကိုတွေ့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အမှုန်အမွှား တိုင်းတာတဲ့ ကိရိယာတွေ တပ်ဆင်ဖို့ ညွှန်ကြား တာတွေ လုပ်ခဲ့တယ်။ နောက်ဝန်ကြီးကို တင်ပြလိုက်တဲ့ အခါမှာတော့ ဝန်ကြီးက ဒီကိရိယာတွေ တပ်ဆင်ရမယ်၊ မှတ်တမ်းတင်မှု တွေလုပ်ရမယ်။ နောက်ဆုံး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနကို ပုံမှန်တင်ပြ ရမယ်ဆိုပြီး ညွှန်ကြား လိုက်တယ်။ အဲဒါကြောင့် စက်ရုံတွေ အနေနဲ့ အခုတော့ စတင်ပြီး လုပ်ဆောင် နေကြပါပြီ''ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့တွင် ဘိလပ်မြေစက်ရုံ ကိုးရုံတည်ရှိပြီး အဆိုပါကိုးရုံကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ထုတ်လွှတ် အခိုးအငွေ့နှင့် ပတ်သက်၍ သတ်မှတ်စံချိန် စံညွှန်း မကိုက်ညီသည့် စက်ရုံတစ်ရုံသာ ရှိသော်လည်း စက်ရုံဝန်းကျင် ပြင်ပ လေထုအရည် အသွေးကို တိုင်းတာရာတွင် စက်ရုံအားလုံး သတ်မှတ်ထားသည့် PM 10 ထက်များပြား နေကြောင်း စစ်ဆေးတွေ့ ရှိခဲ့ရသည်ဟု မန္တလေးတိုင်း ဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ သတင်း ထုတ်ပြန် ချက်အရ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment