Pages

Friday, April 28, 2017

ပွင့်ဖြူမြို့နယ်တွင် ဖြုတ်ညိုပိုးကျရောက်နေသော နွေစပါးစိုက်ခင်းများကို ခရိုင်သီးနှံကာကွယ်ရေးဌာနက ကွင်းဆင်းပြီး ပိုးသတ်ဆေးများပက်ဖျန်းပေး




ပွင့်ဖြူ ၂၈-၄-၂၀၁၇

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာရှိ မျိုးယှဉ်ပြိုင်စမ်းသပ် စိုက်ကွက်များတွင် စိုက်ပျိုးထားသော နွေစပါး မနောသုခ စိုက်ခင်းများတွင် ကျရောက်နေသော ဖြုတ်ညိုပိုးများကို မင်းဘူးခရိုင် သီးနှံကာကွယ်ရေး ဌာနနှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဧပြီ ၂၆ရက်တွင် ကွင်းဆင်းပြီး ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ကြောင်း မင်းဘူးခရိုင် သီးနှံကာကွယ်ရေးဌာနမှ သိရသည်။

''ဇီးတောကျေးရွာက နွေစပါး မနောသုခ စိုက်ခင်းတွေမှာ ကျရောက်နေတဲ့ ဖြုတ်ညိုပိုး ကျရောက်မှုကို ပိုးသတ်ဆေး သွားရောက်ပက်ဖျန်း ပေးခဲ့ပါတယ်။ နောက်သုံးရက် လောက်ဆို ပိုးကျတဲ့အတွက် ပျက်စီးမယ့် အနေအထားတွေ ဖြစ်နေပါပြီ။ ဒါကြောင့် ကာတက်ဟိုက် ဒရိုကလိုရိုက်နဲ့ ဟိုက်ပါပိုတက်ပိုး သတ်ဆေးနှစ်မျိုးနဲ့ စပါးခင်းတွေကို အခမဲ့ ပက်ဖျန်းပေးခဲ့ပါတယ်''ဟုမင်းဘူးခရိုင် သီးနှံကာကွယ်ရေးဌာနမှ တာဝန်ခံ ဦးသိန်းဝင်းက ပြောပြသည်။

စပါးစိုက်ခင်း နှစ်ဧကကျော်ကို ပိုးများကျနေ သည့်အတွက် ပိုးကျသောအခင်းများနှင့် ဘေးပတ်ဝန်းကျင်က အခင်းများကို ပိုးသတ်ဆေး ပက်ဖျန်းပေးကြပြီး ဘေးပတ်ဝန်းကျင်က စိုက်ခင်းများ မကူးစက်အောင် ကြိုတင်ကာကွယ်ကြရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောပြသည်။

မင်းဘူးခရိုင် သီးနှံကာကွယ် ရေးဌာနက တောင်သူများစိုက်ပျိုးသည့် သီးနှံများတွင် ရောဂါပိုးများ ကျရောက်နေပါက ဆက်သွယ်ရန် ကျေးရွာများတွင် Call Center ဆိုင်းဘုတ်များ စိုက်ထူထားပြီး ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များ ပါရှိကြောင်းနှင့် စိုက်ပျိုးရေး ဌာနများက ကွင်းဆင်းကာ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment