Pages

Wednesday, March 22, 2017

သဘာဝသစ်ဥသစ်ဖုများနှင့် နှလုံးရောဂါ


သဘာဝသစ်ဥသစ်ဖုများနှင့် နှလုံးရောဂါ

ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ

ပြီးခဲ့သည့်အပတ်က ထုတ်ဝေသည့် သတင်းဂျာနယ် တစ်ခုမှာ သဘာဝသစ်ဥသစ်ဖု များသည် နှလုံးရောဂါ ဝေဒနာရှင်များ အတွက် အကျိုးသက်ရောက်မှု အလွန်နည်းပြီး ဆိုးကျိုးသာ များကြောင်း သုတေသန တွေ့ရှိချက်ကို တင်ပြထားသည်။

အမေရိကန်နိုင်ငံတွင် ၂ဝ ရာခိုင်နှုန်းသော လူဦးရေမှာ သဘာဝသစ်ဥသစ်ဖု များကို သဘာဝအတိုင်း သော်လည်းကောင်း၊ ဆေးမှုန့်ဆေးပြား အနေဖြင့်သော် လည်းကောင်း စားသုံးကြသည် ဟု ဝန်ခံကြသည်။ စားသုံးသည့် ရည်ရွယ်ချက်မှာ နှလုံးသွေးကြောကျဉ်း ရောဂါ ကာကွယ်စေရန် သို့မဟုတ် နှလုံးကောင်းမွန်စွာ အလုပ်လုပ်စေရန် ရည်ရွယ်သည်။ ယင်း သုတေသီတို့က သဘာဝ သစ်ဥသစ်ဖုများ သုံးစွဲသော နှလုံးရောဂါ ဝေဒနာရှင်များကို သိပ္ပံ နည်းကျကျ လေ့လာခဲ့သည်။ မည်သည့် သဘာဝ သစ်ဥသစ်ဖုကမှ နှလုံးရောဂါကို ပိုမိုသက်သာ စေသည်ဟု မတွေ့ရှိရပါ။

အမေရိကန်နိုင်ငံ နှလုံးရောဂါဆိုင်ရာ ဂျာနယ်မှတင်ပြ ထားသည်မှာ ဗီသွာဆီ၊ ဆူးပန်းလုံး၊ စပျစ်စေ့၊ ဂရင်းတီး၊ ဟော်သွန်းဆူးပင်၊ ကြက်သွန်ဖြူ၊ ပဲပိစပ် တို့သည် နှလုံးရောဂါကို မဆိုစလောက်သော အကျိုးသက်ရောက်မှု ဖြစ်စေသည်ဟု ဖော်ပြထားသည်။ သို့ပါသော်လည်း ဂရင်းတီး၊ ဟော်သွန်းဆူးပင် နှင့်ကြက်သွန်ဖြူ တို့သည် နှလုံးဆေးများနှင့် လူ့ခန္ဓာကိုယ်တွင်း စစ်ပွဲဖြစ်တတ် သဖြင့် မသုံးစွဲသင့်ပါ။

အက်စတာ ဂေးလတ်စ် ခေါ် သံမနိုင် ကျောက်မနိုင် သည်လည်း အသုံးများသော တိုင်းရင်းဆေးပင် တစ်ခုဖြစ် သော်လည်း လက်တွေ့ သုတေသနတွင် အကျိုးမရှိဘဲ ဆိုးကျိုး အနည်းငယ်ကိုသာ ဖြစ်ပေါ်စေသည်။

အာရှတိုက်ဘက်တွင် အသုံးများသည့် ဂျင်ဆင်းမြစ် သည်အလွန် နာမည်ကြီးသော သဘာဝဆေးမြစ် တစ်ခုဖြစ်သည်။ ဤဂျင်ဆင်းသည် နှလုံးရောဂါ အပေါ် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိသည့်အပြင် နှလုံးဆေးများ နှင့်မတည့်သော ဓာတ်ပြုမှု ဖြစ်ကြောင်း တွေ့ရသည်။

ဂျင်ကိုဘီလိုဘာ ခေါ် ကမ္ဘာဦးပင် သည်လည်း အလွန် ဆိုးဝါးသော ဘေးထွက်ဆိုးကျိုးများ ရှိကြောင်း ၄င်းတို့၏ သုတေသနက သက်သေပြခဲ့သည်။ ထို့ပြင် နှလုံးရောဂါ ဆေးများနှင့်လည်း ရန်ဖြစ်တတ်သည် ကိုတွေ့ရှိရသည်။

အခြား ရေပန်းစားနေသော တိုင်းရင်းဆေးမှာ ကရင်ဘယ်ရီ ခေါ် ဘယ်ရီသီး တစ်မျိုးဖြစ်သည်။ ဤဘယ်ရီသီး သည်လည်း နှလုံးရောဂါအတွက် ပေးသောဆေးများ အထူးသဖြင့် ဝါဖရင် ခေါ် သွေးမခဲဆေး၊ အက်စ်ပရင် ခေါ် သွေးကျဲဆေး၊ ဆီးဆေးနှင့် အခြားခေတ်ပေါ် သွေးမခဲဆေး များနှင့် ဓာတ်ပြုမှုများ အကြောင်း တွေ့ရှိရသည်။ ဤ အလားတူ ဓာတ်ပြုမှုကို အခြား တိုင်းရင်းဆေးများ ဖြစ်သည့် ယူရိုပီယမ်အဲလ်ဒါ ခေါ် ဘယ်ရီသီးတစ်မျိုး၊ ဂိုးဒင်းဆီးလ် ခေါ် အဝါရောင် ရှိသည့် ဆေးမြစ်တစ်မျိုး၊ နွယ်ချို၊ ပဲပန်းမြစ်၊ စိန့်ဂျွန်းဝပ်ခေါ် စိန်ပန်းပင် တစ်မျိုးတို့တွင်လည်း တွေ့ရှိရသည်။

ဥပမာ ဝါဖရင် ခေါ်သော သွေးမခဲဆေး၏ အာနိသင် သိရန်အတွက် သွေးအမြဲဖောက်၍ ဆေးကိုချိန်ဆရ သည်။ ဤဆေးသောက် သုံးမှုပိုသွားလျှင် သွေးထွက်တတ်ပြီး အသက်အန္တရာယ် ရှိနိုင်သည်။ ဖော်ပြပါ သဘာဝသစ်ဥသစ်ဖု များသည် ဝါဖရင် ၏ အာနိသင်ကို ပိုကောင်းစေသည်။ တစ်နည်းအားဖြင့် သွေးမခဲနှုန်း များကာ သွေးယိုစိမ့်ခြင်း ဖြစ်စေသည်။ ထို့ကြောင့် သင်သည် သဘာဝသစ်ဥသစ်ဖု ကို သောက်သုံးနေသူ ဖြစ်ပါက ဆရာဝန်ကို အသိပေးသင့်သည်။

ကျွန်ုပ်တို့ ဆေးကျောင်းများတွင် သဘာဝသစ်ဥသစ်ဖု များအကြောင်း ပုံမှန်သင်ရိုးညွှန်းတမ်း တွင်ထည့်ထား ခြင်းမရှိပါ။ ဤဆောင်းပါးရှင်က လူနာကို ကုသနေသော ဆရာဝန်တိုင်းသည် သဘာဝသစ်ဥသစ်ဖု များ၏ ကျန်းမာရေး အပေါ် အကျိုးသက်ရောက်မှု၊ အနောက်တိုင်း ဆေးဝါးများအပေါ် ဓာတ်ပြုမှု စသည်တို့ကို စဉ်ဆက်မပြတ် လေ့လာသင့်ကြောင်း အကြံပြုထားသည်။ သို့မှသာ ကျွန်ုပ်တို့၏ လူနာများကို ကုသရာတွင် အထောက်အကူ ပြုမည်ဖြစ်သည်။

ကျွန်ုပ်တို့ ၏ '' သဘာဝသစ်ဥသစ်ဖု အသီးအပင် အားလုံး ဘေးကင်းသည်'' ဟု တထစ်ချ မမှတ်ယူသင့်ပါ။ ဥပမာ- ကရင်ဘယ်ရီသီး ကို သူ့ချည်းပဲစားစဉ် ကဘာမှ မဖြစ်သော်ငြားလည်း အက်စပရင်၊ ဝါဖရင် ကဲ့သို့ဆေးများနှင့် အတူစားမိပါက အသက်အန္တရာယ် ဆုံးပါးသည် အထိ ဖြစ်နိုင်သည်။

အချို့သောလူနာ များသည် မိမိသုံးစွဲနေသည့် တိုင်းရင်းဆေးများ ကိုလည်း ကုသနေသည့် ဆရာဝန်ကို ပြောပြသင့်သည်။ တိုင်းရင်းဆေးပဲ အဘိုးအဘွား လက်ထက် ကတည်းက သောက်လာတာပဲ တထစ်ချ အန္တရာယ် မရှိဟု မယူဆသင့်ပါ။

ဆေးဆိုသည်မှာ တစ်မျိုးတည်း သောက်လျှင်သော်မှ ကောင်းကျိုးအပြင် ဆိုးကျိုးလည်း ရှိတတ်သည်။ ဆရာဝန် အားလုံးကတော့ လူနာကောင်းကျိုး အတွက် ဆေးပေးကြတာ ဖြစ်သည်။ ဆိုးကျိုးဟု ပြောလျှင် အသေးအမွှား ဖြစ်သော အရေပြား ယားယံခြင်းက အစ အသက်ဆုံးရှုံးသည် အထိ ဖြစ်နိုင်သည်။ ဆေးနှစ်မျိုး သုံးမျိုး ဖြစ်လာပြီဆိုလျှင် သတိထားရမည်။

နေရာတစ်ခုတွင် လူနှစ်ယောက် သုံးယောက်ပေါင်းပြီး စကားပြော သလိုပင်။ လေပေးလေယူ တည့်ပြီး ပိုမိုအကျိုး ဖြစ်ထွန်းသွားတာမျိုး ဆိုလျှင် အပြစ်ပြောစရာ မရှိသော်လည်း အချင်းချင်း အငြင်းပွားပြီး ခိုက်ရန်ဖြစ်ပွား သောအခါ အားလုံးဒုက္ခနှင့် ရင်ဆိုင်ကြရသည်။

လူဦးရေများလေ ပိုပြီးတော့တွက်ဆဖို့ ခက်လေမို့ ထိုသို့သော သဘောမျိုးကို ကျွန်ုပ်တို့အားလုံး ဆင်ခြင်သင့် ပါသည်။ အသက်အရွယ် ကြီးသောသူများ ဆရာဝန် အများကြီးကို လှည့်ပတ်ပြပြီး ဆေးတွေ အများကြီး သောက်နေရသူ များအားလုံး သတိပြုကြ စေလိုပါသည်။

အခုရေးတဲ့ ဆောင်းပါးမှာ အမေရိကန် နှလုံးရောဂါ ဝေဒနာရှင်များကို တင်ပြထားတာ ဖြစ်သည့်အတွက် ကျွန်ုပ်တို့အားလုံး အနေဖြင့် သဘာဝသစ်ဥသစ်ဖု တွေကို သတိပြုကြရ ပါမယ်။ သဘာဝဆိုတိုင်း ဘေးကင်းစိတ်ချ ရမည်ဟု တထစ်ချမယုံကြည် သင့်ပါကြောင်း အသိပေး လိုက်ချင်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment